
မြို့တော် အသံလွှင့်ဌာန City FM အစီအစဉ်က သူတို့ရဲ့ နှစ်ပတ်လည် မွေးနေ့ည ရောက်တိုင်း တစ်နှစ်အတွင်း ထွက်ရှိခဲ့တဲ့ တေးစီးရီးများ ထဲက
ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့တဲ့ တေးစီးရီး ထုတ်လုပ်သူ၊ တေးသံရှင်များကို City FM Award ဂုဏ်ပြုဆု ချီးမြှင့်ခဲ့တာ ၂၀၁၀ ခုနှစ် အရောက်မှာ ၈နှစ်တာ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ City FM က ဂုဏ်ပြုဆု ချီးမြှင့်သလို နှစ်စဉ်နှစ်တိုင်းလည်း ထူးခြားတဲ့ အစီအစဉ်များနဲ့ Live Show ရိုက်ကူးထုတ်လုပ်ခဲ့တာလည်း ၈ ကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ် စိတ်ဝင်စားမယ့် ဂီတတင်ဆက်မှုများနဲ့ တမူ ထူးခြားအောင် တင်ဆက်ပေးသလို သူတို့ရဲ့Live Show VCD ကလည်း နှစ်စဉ် အောင်မြင်မှု ရရှိခဲ့ပါ တယ်။ မြို့တော် အသံလွှင့် ဌာန City FM က Myanmar Distribution Group(MDG) ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဂုဏ်ပြုဆု ချီးမြှင့်ပွဲနဲ့ Live Show အစီအစဉ်ကို ကျင်းပပေးတဲ့ အခါ ဒီ့ပြင် အခမ်းအနား ဆုပေးပွဲ များလို မဟုတ်ဘဲ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ အနုပညာ လောကသားများ စုံလင်အောင် ဖိတ်ကြား ပါတယ်။ လွတ်လပ် ပေါ့ပါးစွာနဲ့ ရင်ခုန် ခွင့်ရအောင် အနုပညာရှင်များဆိုရင်လည်း စုံတွဲ ဖိတ်ကြားပေးပါတယ်။

အခမ်းအနားမှာ အမှာ စကားပြောကြားခြင်း အစီအစဉ်များလည်း မပါဘဲ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အတွင်း ရေးမှူး ဦးအောင်သန်းဝင်းရဲ့ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီးတာနဲ့ အခမ်း အနားမှူး အဖြစ် ဆောင်ရွက်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ တင်မိုးလွင်တို့က အစီအစဉ်များကို ကြေညာပါတယ်။ ဆက်တိုက် ဆုချီးမြှင့်နိုင်ဖို့ စာအိတ်ဖွင့် ဖောက်ကြေညာ ပေးခြင်း၊ ဖျော်ဖြေရေး အစီအစဉ်ဖြစ်တဲ့ ဂစ်တာ သီချင်းပွဲတော် ဖျော်ဖြေ ပွဲကို ဆက်တိုက် ကျင်းပပေး ပါတယ်။
ပထမဦးဆုံး အစီအစဉ် ကတော့ City FM ကြော်ငြာ အစီအစဉ်မှာ အကြိမ်အရေ အတွက် အများဆုံး ထည့်သွင်းပေးခဲ့တဲ့Gold Roast Coffee Mix ကို ဂုဏ်ပြုဆု ချီးမြှင့်ပြီး ဒုတိယ အစီအစဉ် ကတော့ City FM အစီအစဉ် မှာ ကြော်ငြာ အများဆုံး ကောက်ခံထည့်သွင်းပေးခဲ့တဲ့ Art Man Media ကို ဂုဏ်ပြု ဆုချီးမြှင့်ပေးတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဖျော်ဖြေရေး အစီအစဉ်တင် ဆက်မှုကို စတင် ဖွင့်လှစ်လိုက်တဲ့ အခါ ဂစ်တာ သီချင်းပွဲတော်လို့ အမည်ပေးထားတဲ့ အတိုင်းThe Trees Music Band နဲ့အတူ ဂစ်တာ ပညာရှင်များ ဖြစ်တဲ့ ကိုရန်နိုင်၊ ကိုကျော်ကျော်တို့ ပံ့ပိုး တီးခတ်မှုနဲ့ ကျော်စည်သူ၊ ထက်နေကြည်၊ ဂျီလတ်တို့က သီချင်းလေး ပုဒ်ကို Non Stop သီဆိုဖျော် ဖြေပေးခဲ့ကြပါတယ်။ ဆက်လက်ပြီး ၀ိုင်းစုခိုင်သိန်းနဲ့ Jenny တို့က တေးရေးဆရာ သုခမိန်လှိုင် ရေးစပ်ထားတဲ့ ဂစ်တာအစ ဘယ်သူက သီချင်းကို ယူရေနီယံ အကအဖွဲ့ ရဲ့ အကအလှများနဲ့ သီဆိုဖျော် ဖြေပေးခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာပဲ ဖိုးကာ ကိုယ်တိုင် ရေးစပ် သီဆိုတဲ့ ရင်ထဲကလာတဲ့ သီချင်း ကိုတော့ ဖိုးကာက နိုဘယ်လ်ကျော်ကျော် ပါဝင် သရုပ်ဆောင်မှုနဲ့ သီဆို ပေးခဲ့ ပါတယ်။
City FM Awards ဆု ချီးမြှင့် ပေးနိုင်ဖို့ ပထမဦးစွာ ၂၀၀၉ ခုနှစ်အတွင်း အရောင်းရဆုံး မြန်မာသံ တေးစီးရီး ထုတ်လုပ်သူဆုကို သရုပ်ဆောင် အကယ်ဒမီ မြင့်မြင့်ခိုင်က ဖွင့်ဖောက် မကြေညာ ပေးမီ အခမ်းအနားမှူးများ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ တင်မိုးလွင်တို့က ဆန်ခါတင် တေးစီးရီး သုံးခုကို ကြေညာပေးပါတယ်။ အဲဒီ စီးရီးများကတော့ ဗညားဟန်နဲ့ စိုးစန္ဒာထွန်းတို့ သီဆိုထားတဲ့ ချစ်မှာလား၊ ဗညားဟန် သီဆိုထားတဲ့ သမုဒယ၀ါဆိုမိုး၊ ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ တို့ ဖြစ်ပါတယ်။ ဒီထဲကမှ ရောင်းအား အကောင်းဆုံး ဆုကို ကမ္ဘာကျော် တေးသံသွင်းက ထုတ်လုပ်တဲ့ ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ စီးရီးက ရရှိသွားကြောင်း ဒေါ်မြင့်မြင့်ခိုင်က ဖွင့်ဖောက် ကြေညာပေးပါတယ်။
နောက်ထပ် ကြေညာ ပေးတဲ့ ဆုကတော့ အရောင်းရဆုံး စတီရီယို တေးစီးရီးဆု ဖြစ်ပါတယ်။ ဆန်ခါတင် စီးရီးသုံးခုကတော့ လမ်းဆုံ၊ အမြဲတမ်း ဂေါ်လီ၊ ရှိနေမယ် တို့ ဖြစ်ပါတယ်။ စာအိတ်ကို အကယ်ဒမီ ထွန်းထွန်းဝင်းက ဖွင့်ဖောက် ကြေညာပေးရာမှာ ဟန်ထွန်း သီဆိုပြီး The Sun Music က ထုတ်လုပ်ထားတဲ့ ရှိနေမယ် စီးရီးက ရရှိသွားပါတယ်။ တေးထုတ်လုပ်သူ ဆုများ ကြေညာအပြီးမှာ ညလူပျို သီချင်းကို မေဆွိက လည်းကောင်း၊ အချစ်နဲ့ ဂစ်တာ သီချင်းကို ရေဗက္က၀င်းက လည်းကောင်း၊ ခေမီကိုအက အဖွဲ့နဲ့ တွဲဖက်သီဆို ကြပြီး အနဂ္ဂနဲ့ သံသာဝင်းတို့ ကတော့ ဂစ်တာကြိုးလေး ပြတ်သွားပြီ သီချင်းကို သီဆို ပေးကြပါတယ်။
ဖျော်ဖြေရေး အစီအစဉ် အပြီးမှာ ဆုများကို ဆက်လက် ကြေညာပေးရာ မြန်မာသံ သီဆိုသူ အမျိုးသမီး အဆိုကျော် စာရင်းကို တေးသံရှင် နီနီဝင်းရွှေက ကြေညာ ပေးပါတယ်။ ဆန်ခါတင် အရောင်း ရဆုံး မြန်မာသံ သီဆိုသူများ ကတော့ ပိုးအိစံက စီးရီး နှစ်ခုနဲ့ စိုးစန္ဒာထွန်းက စီးရီးတစ်ခု ဆန်ခါတင် ၀င်လာပါတယ်။ နီနီဝင်းရွှေ ဖွင့်ဖောက် ကြေညာရာမှာ ပိုးအိစံရဲ့ လွမ်းစေသော မောင်လေး စီးရီးက ရရှိ သွားပါတယ်။
မြန်မာသံ အမျိုးသား အဆိုရှင် ဆုကို တေးသံရှင် ကိုင်ဇာက ကြေညာ ပေးရာမှာတော့ ရင်ဂိုနဲ့ ဗညားဟန်တို့ရဲ့ ဆန်ခါတင် စာရင်းများထဲက ဗညားဟန် သီဆိုထားတဲ့ ၀ါဆိုမိုးနဲ့ ပြန်ခဲ့ပါ က ရရှိ သွားပါတယ်။ ဖျော်ဖြေရေး အစီအစဉ်များ ပြန်လည် တင်ဆက် ရာမှာတော့ အချစ်ရဲ့သီချင်းသံ ကို ချမ်းချမ်းက သီဆိုပြီး ဂစ်တာရှိတ် သီချင်းကို ဟဲလေးနဲ့ ရတနာမိုင် တို့က သီဆို ပါတယ်။ Lဆိုင်းဇီက သီချင်း မရှိတဲ့ ဂစ်တာ၊ ထွန်းအိန္ဒြာဗိုက အဖြူနဲ့အမည်း သီချင်းများကို သီဆိုပါတယ်။ ထွန်းအိန္ဒြာဗို သီဆိုရာမှာ အကအလှများနဲ့ ပံ့ပိုးတဲ့ အပြင် RAP အပိုဒ်ကို ဘရိတ်ကီက ကူညီ သီဆိုပေးပါတယ်။
ဧည့်သည်တော်များ အထူး စိတ်ဝင်စားတဲ့ ၂၀၀၉ ခုနှစ်အတွင်း အရောင်းရဆုံး စတီရီယို အမျိုးသမီးတေး သံရှင်ဆုကို ကြေညာဖို့ အတွက် ဖြူဖြူကျော်သိန်းကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဆန်ခါတင် သုံးဦးကတော့ ဖြူဖြူ ကျော်သိန်း၊ အေသင်ချိုဆွေ၊ ၀ိုင်းစုခိုင်သိန်းတို့ ဖြစ်ပါတယ်။ စာအိတ်ဖွင့်ဖောက် ကြေညာရာမှာ မက်လောက်စရာ တေးစီးရီး သီဆိုခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းက ဆွတ်ခူးရရှိ သွားပါတယ်။
စတီရီယို အမျိုးသား တေးသံရှင်ဆုကို ကြေညာနိုင်ဖို့ သရုပ်ဆောင် ခန့်စည်သူကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီဆုမှာ ဆန်ခါတင် စာရင်းဝင်သူများ ကတော့ နောနော်၊ ဟန်ထွန်း၊ စိုင်းစိုင်းခမ်းလှိုင်တို့ ဖြစ်ပါ တယ်။ ခန့်စည်သူက စာအိတ် ဖွင့်ဖောက် ကြေညာရာမှာတော့ ရှိနေမယ် စီးရီးကို သီဆိုခဲ့တဲ့ ဟန်ထွန်းက ရရှိသွားပါ တယ်။ ရှိနေမယ် စီးရီးက ဟန်ထွန်း ကိုယ်တိုင် ထုတ်လုပ်ခဲ့တာ ဖြစ်တဲ့ အတွက် ဒီညမှာ ဟန်ထွန်းက ထုတ်လုပ်သူ ဆုရော၊ အမျိုးသား တေးသံရှင်ဆုကိုပါ ဆွတ်ခူး ရရှိသွားတာ ဖြစ်ပါတယ်။
နောက်ထပ် ကြေညာမယ့် ဆုများကတော့ City FM အစီအစဉ်မှာ ရေပန်းအစားဆုံး အမျိုးသား၊ အမျိုးသမီး အဆိုကျော်ဆုဖြစ်ပါတယ်။ ဒီဆုများကို အကယ်ဒမီ လူမင်းနဲ့ တေးရေးဆရာ သုခမိန်လှိုင် တို့က ကြေညာ ပေးကြရာမှာ ၂၀၀၉ ခုနှစ်အတွင်း အများဆုံး သီချင်း အတောင်းခံရတဲ့ အမျိုးသား အဆိုကျော်က Rဇာနည်ဖြစ်ပြီး အမျိုးသမီး အဆိုကျော်ကတော့ Lဆိုင်းဇီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက နှစ်စဉ် ရရှိနေသူများ ဖြစ်တာကြောင့် ဒီဆုများ အတွက် အဆိုကျော် အပြောင်းအလဲ မရှိဘူးလို့ ဆိုရပါမယ်။ နောက်ဆုံး ကျန်ရှိတဲ့ ဆုကတော့ အဖွဲ့လိုက်ဆု ဖြစ်ပါတယ်။ ဒီဆုကို ဖွင့်ဖောက်ကြေညာ ပေးဖို့ အတွက် အဆိုကျော် ဂရေဟမ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ စာအိတ်ဖွင့်ဖောက် ကြေညာရာမှာ အဖွဲ့လိုက်ဆု တစ်ကြိမ် ရပြီးဖြစ်တဲ့ Black Hole အဖွဲ့က ရရှိ သွားပါ တယ်။
တေးဂီတ အစီအစဉ် ဇော်ဝင်းထွဋ်တို့က ဖျော်ဖြေ ခဲ့ကြပါတယ်။ နောက်ဆုံး အစီအစဉ် အနေနဲ့ ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆောင်ရွက်ရာ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း ကCity FM Awards ဆုများကို ချီးမြှင့်ပေးပြီ MDG ကုမ္ပဏီက ထပ်ဆောင်း ချီးမြှင့်ပေးတဲ့ ရွှေတစ်ကျပ်သား အမှတ်တရ ဆုကိုတော့ ဦးအောင်မော်သိန်းက ချီးမြှင့် ဂုဏ်ပြုပေးခဲ့ပါတယ်

လင်းနိုင်ဦး
0 comments:
Post a Comment