၎င်းတို့ နှစ်ဦးမှာ အသက် ၃၀ အရွယ် သြစတြေးလျ နိုင်ငံသား ကော်နာ ဒေးဗစ် ပါစယ် (Conor David Purcell) နှင့် အသက် ၄၉ နှစ် အရွယ်ရှိ ဗြိတိန်နိုင်ငံသား ဂျက်ဖ် ဆာဗေ့ခ်ျ (Jeff Savage) ဆိုသူတို့ ဖြစ်သည်။

“သြစတြေးလျ နိုင်ငံသား ပါဝင် ပတ်သက်မှု ကိုတော့ သေသေ ချာချာ မသိရ သေးပါဘူး၊ ဗြိတိန်နိုင်ငံ သားကတော့ ပတ္တရား ကမ်းခြေက လှုပ်ရှားမှုတွေမှာ ကတည်းက ပါနေပြီ၊ သူတို့နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေး မှုတွေကို ဆက်လုပ်မှာပါ”ဟု ဝန်ကြီးချုပ် က ဆိုသည်။
အဆိုပါ နိုင်ငံခြားသား ၂ ဦးကျူးလွန်သည်ဟု ယူဆရသော တခြားပြစ်မှုများကိုလည်း ထိုင်းအာဏာပိုင်တို့က စွဲချက်တင်ဖွယ် ရှိသည်ဟု ဝန်ကြီးချုပ်က ပြောသွားသည်။
ဒေးဗစ်ပါစယ်သည် ဗီဇာရက်လွန် နေထိုင်မှုဖြင့် ထောင်ဒဏ် ၂ လ ယမန်နေ့က အပြစ်ပေးခံရသော်လည်း ဆိုင်ငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်လိုက်သည်။ လတ်တလောတွင် ဒေးဗစ် ပါစယ်ကို ဘန်ကောက်မြို့ရှိ ခလောင် ဖရန်း ဗဟိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်ဟု သိရသည်။
ဒေးဗစ် ပါစယ်မှာ သြစတြေးလျ စစ်တပ်တွင် ၇ နှစ် စစ်မှုထမ်းခဲ့ပြီး လက်ဖြောင့် သေနတ်ပစ် သင်တန်းဆင်း ဖြစ်သည်။ ဘန်ကောက်မြို့တွင် ဘာသာစကား သင်ကြားသည့် ဆရာအဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်သည်ဟု The Nation သတင်းစာ က ဖော်ပြသည်။
ဆာဗေ့ခ်ျသည်လည်း ရှပ်နီလှုပ်ရှားမှုများတွင် အစီအစဉ်ကျကျ ပါဝင်ပတ်သက်ခဲ့ပြီး ဗြိတိသျှ မီဒီယာများကိုလည်း ၎င်း၏ ထင်မြင်ချက်များကို ပြောဆိုခဲ့သည်ဟု ၀န်ကြီးချုပ် အဖိဆစ်က ဆိုသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က Central Worldကုန်တိုက်ကြီး မီးလောင်ကျွမ်းမှုတွင် မီးရှို့ရန် အဓိက လှုံ့ဆော်ခဲ့သူ ဖြစ်သည်ဟု ထိုင်းအစိုးရက စွပ်စွဲထားပြီး ဆာဗေ့ခ်ျကမူ ထိုစွပ်စွဲချက်ကို ငြင်းထားကြောင်း သိရသည်။
အကယ်၍ နိုင်ငံခြားသား နှစ်ဦးသည် အရေးပေါ် ဥပဒေကို ချိုးဖောက်ကြောင်း ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၂ နှစ် ကျခံရနိုင်သည်ဟု ထိုင်းရဲက ပြောသည်။
ထိုင်းနိုင်ငံတွင် မတ်လ ၁၂ ရက်နေ့ကတည်း ရှပ်နီတို့၏ ဆန္ဒပြပွဲများကို စတင်ခဲ့ရာ လူပေါင်း ၈၈ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း ၁၉၀၀ ခန့်ရှိသည်ဟု The Nation သတင်းစာတွင် ဖော်ပြထားသည်။
0 comments:
Post a Comment