Wednesday, May 19, 2010

ပဲခူးတွင် မိုးရွာ၊ ဒေသခံများ ဝမ်းမြောက်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရက်ပေါင်း ၂ဝ ကျော် ပူပြင်း၍ ရေရှားသောဒဏ်ခံနေရသော ပဲခူးမြို့တွင် ယနေ့ စတင်မိုးရွာသွန်းသဖြင့် ဒေသခံများ ဝမ်းမြောက်နေကြသည်။
ဆလိုင်း ဟံသာစန်း | အင်္ဂါနေ့၊ မေလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၃၇ မိနစ်

အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိရှိခဲ့သော ပဲခူးမြို့တွင် အင်္ဂါနေ့ နေ့လည် ၁ နာရီခန့်က စတင်ရွာသွန်းနေပြီး သတင်းပေးပို့ချိန် ၂ နာရီခွဲအထိ ဆက်လက်ရွာသွန်းနေဆဲဖြစ်ကာ ပဲခူးမြို့၏ နေ့အပူချိန်မှာ သိသိသာသာကျဆင်းသွားပြီး ၃၄ ဒီဂရီစင်တီဂရိတ်သို့ ရောက်သွားသည်။

“ရေတော့ နည်းနည်းပဲ ပါတယ်။ ဒါပေမဲ့ ဝမ်းသာတယ်ဗျာ။ အခုလောလောဆယ်တော့ နေရတာ အေးသွားတယ်” ဟု ပဲခူးမြို့ခံ ကိုမြတ်မိုးက မဇ္ဈိမကို ပြောသည်။

“မိုးရွာတော့ ဝမ်းသာတယ်ရှင်။ အပူချိန်လျော့တော့မှာပေါ့။ ရပ်ကွက်ထဲကလူတွေ တော်တော်များများ မိုးရေထွက်ချိုးကြတယ်” ဟု အင်းဝေရပ်ကွက်မှ မြို့ခံ အိမ်ရှင်မတဦးက ပြောသည်။

မိုးရွာစေရန်အတွက် ပဲခူးမြို့ ကြခတ်ဝိုင်းဘုန်းကြီးကျောင်းမှ သံဃာတော်များကလည်း ပြီးခဲ့သည့် စနေနေ့မှ စတင်ကာ ၃ ရက်ဆက်တိုက် မြို့ကိုပတ်၍ ငရံ့မင်းပရိတ်များ လှည့်လည်ရွတ်ဖတ်ခဲ့ကြသေးသည်။

ယနေ့ ပဲခူးမြို့၏ အပူချိန်သည် ယမန်နေ့က ၃၈ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ယနေ့တွင် ၃၄ ဒီဂရီစင်တီဂရိတ်သာ ရှိတော့ကြောင်း www.wunderground.com မိုးလေဝသအင်တာနက် ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

နောက် သုံးရက်တွင်လည်း နေ့အပူချိန် အမြင့်ဆုံး ၃၅ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံး ၂၇ ဒီဂရီစင်တီဂရိတ်ကြားရှိနေကာ အပူချိန်ကျဆင်းမှာဖြစ်သည်ဟုလည်း ခန့်မှန်းထားသည်။

အလားတူပင် အပူဒဏ်ခံစားနေရသည့် ရန်ကုန်မြို့တွင်လည်း ယနေ့ မိုးနှစ်ကြိမ်ရွာသွန်းသွားသည်။“ပြောမပြတတ်အောင် ပျော်ပါတယ်ရှင်။ မိုးနတ်မင်းကြီးကိုလည်း အရမ်းကို ကျေးဇူးတင်မိပါတယ်။ လိုနေတဲ့အချိန်မှာ လူတွေကို ညှာတာပေးလို့လေ” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။

“မိုးမရွာခင်တုန်းကဆို မီးကလည်းပျက်၊ ပူလွန်းအိုက်လွန်းတော့ ငိုတောင် ငိုချင်တယ်။ ဘယ်လိုမှ နေလို့မရဘူး။ အရမ်း စိတ်ညစ်တယ်” ဟု သူက ဆက်ပြောသည်။

ရန်ကုန်မြို့၏ ယနေ့အပူချိန်သည် ၂၅ံC ဖြစ်ပြီး မနက်ဖြန်တွင် ၃၈ံC မှ ၂၇ံC ကြားနှင့် မိုးရွာရန် ရာနှုန်း ၄ဝ ၊ ကြာသာပတေးနေ့တွင် ၃၅ံC မှ ၂၆ံC ကြားနှင့် မိုးရွာရန်ရာနှုန်း ၄ဝ ၊ သောကြာနေ့တွင် ၃၅ံC မှ ၂၆ံC ကြားနှင့် မိုးရွာရန်ရာနှုန်း ၅ဝ ဖြစ်သည်။

မြန်မာနိုင်ငံတဝှန်းတွင် ဧပြီလကုန်ပိုင်းမှ စတင်ကာ အပူချိန်ပြင်းထန်မှုကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး သောက်သုံးရေ ရှားပါးမှုမှာလည်း ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သည်။

0 comments: