Thursday, May 27, 2010

 မြောက်ကိုရီးယား၏ ရန်စတိုက်ခိုက်မှုများ အတွက် အသင့်ပြင်ထားရန် အမေရိကန် ဗိုလ်ချုပ်ကြီးများအား အိုဘားမားညွှန်ကြား


မြောက်ကိုရီးယား၏အနာဂတ်တွင် ရန်စတိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရန်နှင့် အသင့်ပြင်ထားကြရန်အတွက် အမေရိကန်ဗိုလ်ချုပ်ကြီးများအား တောင်ကိုရီးယားတပ်များနှင့် ပူးတွဲဆောင်ရွက်ရန် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မေလ၂၄ ရက် နေ့တွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။


တောင်ကိုရီးယား သင်္ဘောအား မြောက်ကိုရီးယား တော်ပီဒိုက နစ်မြုပ်စေခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့အပြီးတွင် တောင်ကိုရီးယား သမ္မတလီမြောင်ဘက်က အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး နာရီပိုင်းမျှအကြာတွင် အမေရိကန်သမ္မတကလည်း ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား က ချက်ချင်းတောင်းပန်ရန်၊ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူများကို အပြစ်ဒဏ်ပေးရန်နှင့် အရေးအပါဆုံး ကိစ္စဖြစ်သော ၄င်း၏ ခြိမ်းခြောက်ရန်လိုသော အပြုအမူကို ရပ် တန့်ရန် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ တောင်းဆိုချက်ကို မိမိတို့ကလည်း ထောက်ခံပါကြောင်း အမေရိကန်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။


ယင်းကြေညာမှု အပြီးနောက် တွင် အမေရိကန်နှင့် တောင်ကိုရီး ယားတို့ပူးတွဲပြီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့် ရေကြောင်းဟန့်တားရေး စစ်ရေးလေ့ကျင့်မှုများကို အနာဂတ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဘရိုင်ယန် ၀ှစ်တမန်းက ထုတ်ပြန်ခဲ့သည်။


စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် ရက်အတိအကျကို မထုတ်ပြန်ခဲ့သော်လည်း ယခုလေ့ကျင့်မှုသည် မတ်လ ၂၆ ရက် တောင်ကိုရီးယား စစ်သင်္ဘောနှစ်မြှုပ်ခံရခြင်းကြောင့် တုန့်ပြန်ခြင်းဖြစ်သည်ဟု ကြေညာခဲ့သည်။


ရေကြောင်းကြားဖြတ် ဟန့်တားရေးလေ့ကျင့်မှုသည် လူအစုလိုက်အပြုံလိုက် သေကျေစေနိုင်သော လက်နက်များနှင့် ဆက်စပ်နည်း ပညာများတရားမ၀င် သယ်ဆောင်ခြင်းကို ဟန့်တားရန် ရည်ရွယ်ခြင်း ဖြစ်သည်။

0 comments: