Tuesday, June 15, 2010

ကမ္ဘာ့ဖလား အုပ်စုပွဲ (၈) ပွဲ ကစားအပြီးတွင် တောင်ကိုရီးယား၊ အာဂျင်တီးနား၊ ဆလိုဗေးနီးယား၊ ဂျာမဏီ၊ ဂါနာတို့ (၃) မှတ်စီ ရရှိထား

ကမ္ဘာတ၀ှမ်းရှိ ဘောလုံးပရိသတ်များ အထူးစိတ်ဝင်စားကြသည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဇွန်လ (၁၁) ရက်နေ့မှ စတင်၍ ယှဉ်ပြိုင်ကစားခဲ့ရာ စုစုပေါင်း (၈) ပွဲကစားအပြီးတွင် အနိုင်အရှုံးရလဒ် ပြတ်ပြတ်သားသား ထွက်ပေါ်သည့် ပွဲ (၅) ပွဲ၊ သရေကျသည့်ပွဲ (၃) ပွဲ ရှိခဲ့သည်။ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ထူးခြားချက်မှာ ကစားသည့် ပွဲစဉ်တိုင်းတွင် ဘောလုံးကွင်းအတွင်း အာဖရိကန်ပရိသတ်များ၏ ဗူဗူဇီလာခရာမှုတ်သံများဖြင့် ဆူညံနေခြင်းပင်ဖြစ်သည်။ ခရာမှုတ်အားပေးသံများက အာဖရိကအသင်းများအတွက် ယဉ်ပါးပြီး စိတ်အားတက်စရာဖြစ်သော်လည်း အခြားအသင်းများအတွက်မူ စိတ်အနှောက်အယှက်ဖြစ်ရာ ကြုံတွေ့ရနိုင်သည်။

ဇွန်လ (၁၁) ရက်နေ့က ယှဉ်ပြိုင်ကစားသည့် အုပ်စု (က) အဖွင့်ပွဲစဉ်တွင် အိမ်ရှင်တောင်အာဖရိကအသင်းနှင့် မက္ကဆီကိုအသင်းတို့ (၁) ဂိုးစီ သရေကျခဲ့သည်။ ပထမပိုင်းတွင် မက္ကဆီကိုအသင်းက ဘယ်ထောင့်ကန်ဘောမှတဆင့် ဂိုးသွင်းယူခဲ့သော်လည်း စည်းကြပ်ဒိုင်က လူကျွံဘော အလံထောင်ပြသည့်အတွက် ဂိုးမရခဲ့ပေ။

ဒုတိယပိုင်း (၅၅) မိနစ်တွင် တောင်အာဖရိက ကွင်းလယ်လူက ကွင်းလယ်စက်ဝိုင်းအတွင်းမှ ကန့်လန့်ဖြတ်တင်ပေးသည့် ဘောလုံးကို ဘယ်တောင်ပံတွင်ရှိသည့် တိုက်စစ်မှူး ရှာဘလာလာက မက္ကဆီကို ဂိုးသမားပိတ်ထားသည်ကို ကျော်၍ ဂိုးတိုင်ညာဘက် ဆယ်ပြားစေ့ထောင့်သို့ ဘယ်ခြေဖြင့် တန်းတန်းမတ်မတ် ကန်သွင်းယူလိုက်သဖြင့် အိမ်ရှင်အသင်း ဗွေဆော်ဦးဂိုး စတင်ရရှိသည်။ ထိုဂိုးသည် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ပထမဆုံး မှတ်တမ်းဝင် ဂိုးလည်းဖြစ်သည်။

ထို့နောက် ဒုတိယပိုင်း (၇၉) မိနစ်တွင် တောင်အာဖရိက ဂိုးဧရိယာအပြင်ဘက် ဘယ်ဘက်ခြမ်းမှ ခုတ်တင်ပေးသည့် ဘောလုံးကို ညာဘက် ဂိုးတိုင်နားတွင်ရှိသည့် မက္ကဆီကိုနောက်ခံလူ ဂါစီယာမားကွက်ဇ်က တချက်ဖမ်းထိန်းပြီး ကန်သွင်းယူလိုက်သဖြင့် မက္ကဆီကိုအသင်း ချေပဂိုး ပြန်လည်ရရှိကာ အိမ်ရှင်အသင်းနှင့် တမှတ်စီ ခွဲယူခဲ့ကြသည်။

ဇွန်လက် (၁၁) ရက်နေ့ အုပ်စု (က) ဒုတိယပွဲစဉ်တွင်မူ ကမ္ဘာ့ဖလား (၂) ကြိမ်ရ ဥရုဂွေးအသင်းနှင့် ကမ္ဘာ့ဖလား တကြိမ်ရ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ တဘက်နှင့် တဘက် ဂိုးသွင်းနိုင်ခြင်းမရှိဘဲ သရေကျကာ (၁) မှတ်စီခွဲယူခဲ့ကြပြန်သည်။

ဇွန်လ (၁၂) ရက်နေ့ အုပ်စု (ခ) မှ တောင်ကိုရီးယားနှင့် ယူရို ၂၀၀၄ ချန်ပီယံဂရိတို့ ယှဉ်ပြိုင်ကစားသည့် အုပ်စုပွဲစဉ်တွင် တောင်ကိုရီးယားအသင်းက ခြေစွမ်းပြကစားပြီး (၂) ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ပထမပိုင်းတွင် ဘယ်ထောင့်ကန်ဘော ကန်တင်သည်ကို ညာဘက်ဂိုးတိုင်နားတွင်ရှိသည့် နောက်ခံလူ လီဂျွန်ဆူးက ပိတ်သွင်းယူလိုက်သဖြင့် တောင်ကိုရီးယားအသင်း အဖွင့်ဂိုး စတင်ရရှိသည်။

ဒုတိယပိုင်း (၅၂) မိနစ်တွင် ဂရိနောက်တန်းလူတဦး ဖမ်းထိန်းသည့် ဘောလုံး အန်ထွက်သွားသည်ကို တောင်ကိုရီးယားအသင်းခေါင်းဆောင် ပက်ဂျီဆန်က ဖြတ်ယူဆွဲပြေးပြီး နောက်ခံလူတဦးကို ကျော်ဖြတ်ကာ ဂိုး၏ ညာဘက်ထောင့်သို့ ဘယ်ခြေဖြင့် အနိမ့်ဘော ကန်သွင်းယူလိုက်သဖြင့် တောင်ကိုရီးယားအသင်း ဒုတိယအနိုင်ဂိုးရရှိပြီး အနိုင် (၃) မှတ်ကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ အဆိုပါ ဒုတိယဂိုးသည် မန်ယူကစားသမား ပက်ဂျီဆန်၏ လျင်မြန်ဖြတ်လတ်မှုကြောင့် ရရှိသည့် ဂိုးလည်းဖြစ်သည်။

ဇွန်လ (၁၂) ရက်နေ့ အုပ်စု (ခ) ဒုတိယပွဲစဉ်တွင် ကမ္ဘာ့ဖလား (၂) ကြိမ်ရ နည်းပြမာရာဒိုနာ၏ အာဂျင်တီးနားအသင်းက နိုက်ဂျီးရီးယားအသင်းကို နောက်ခံလူ ဟိန့်ဇီ၏ ခေါင်းတိုက်သွင်းဂိုးဖြင့် အနိုင်ရရှိသည်။ ပထမပိုင်း (၆) မိနစ်တွင် ၀ါရင့်ကွင်းလယ်လူ ဗီရွန် ကန်တင်သည့် ညာထောင့်ကန်ဘောကို နောက်ခံလူ ဟိန့်ဇီက ဂိုးစည်းအတွင်း ပြေး၍ ခေါင်းတိုက်ရာ ဂိုး၏ ဘယ်ဘက်အပေါ်ထောင့်သို့ တန်းတန်းမတ်မတ် ၀င်သွားသဖြင့် အာဂျင်တီးနားအသင်း ပွဲဦးထွက် (၃) မှတ်ရရှိခဲ့ခြင်းဖြစ်သည်။ အာဂျင်တီးနားအသင်းသည် နိုက်ဂျီးရီးယားအသင်းကို ဖိကစားသော်လည်း ဂိုးကံခေသဖြင့် ဂိုးပြတ်သင့်သလောက်မပြတ်ဘဲ (၁) ဂိုးနှင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ဇွန်လ (၁၂) ရက်နေ့ အုပ်စု (ဂ) ပွဲစဉ်တွင် မြန်မာဘောလုံးပရိသတ် အသည်းစွဲ အင်္ဂလန်အသင်းနှင့် အမေရိကန်အသင်းတို့ တဂိုးစီသရေကျပြီး (၁) မှတ်စီ ခွဲယူခဲ့ကြသည်။ အင်္ဂလန်အသင်းသည် သုံးမှတ် လွတ်လွတ်ကျွတ်ကျွတ် ရရှိရန် အခွင့်အရေးရှိခဲ့သော်လည်း ဂိုးသမား ရောဘတ်ဂရင်း၏ အမှားကြောင့် သရေတမှတ်နှင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ပထမပိုင်း (၄) မိနစ်တွင် အမေရိကန် ဂိုးဧရိယာအပြင်ဘက်နားမှနေ၍ တိုက်စစ်မှူး အီမီလီဟက်စကီ ထိုးပေးသည့် ဘောလုံးကို အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ညာခြေဖြင့် ပက်၍ ဂိုးသမား တင်မ်ဟောင်းဝပ်၏ ညာဘက်ထောင့်သို့ ကန်သွင်းယူလိုက်သဖြင့် အင်္ဂလန်အသင်း ပွဲစပြီးမကြာမီ အဖွင့်ဂိုး ရရှိခဲ့သည်။

သို့သော် ပထမပိုင်း မိနစ် (၄၀) တွင် အမေရိကန်အသင်းမှ တိုက်စစ်မှူး ကလင့်ဒမ့်ဆေးက ဘီးကုတ်စက်ဝိုင်းအနီးမှ ဘယ်ခြေဖြင့် အပြင်းကန်သွင်းရာ အင်္ဂလန်ဂိုးသမား ရောဘတ်ဂရင်း လက်ထဲမှ အန်ထွက်ပြီး ဂိုးထဲသို့ ၀င်သွားသဖြင့် အမေရိကန်အသင်း ချေပဂိုး ရရှိခဲ့ခြင်းဖြစ်သည်။ ရောဘတ်ဂရင်း၏ ပေါ့ဆမှုကြောင့် အင်္ဂလန်အသင်း (၃) မှတ် ရရှိမည့်အခွင့်အရေး ဆုံးရှုံးခဲ့ရသည့်အတွက် အင်္ဂလန်နည်းပြ ကာပယ်လို အထူးစိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည့် ဂိုးလည်းဖြစ်သည်။ ထိုပွဲတွင် အမေရိကန်ဂိုးသမား တင်မ်ဟောင်းဝပ် အထူးလက်စွမ်းပြ ကာကွယ်ခဲ့သည်။

ဇွန်လ (၁၃) ရက်နေ့ အုပ်စု (ဂ) ဒုတိယပွဲစဉ်တွင် ဆလိုဗေးနီးယားအသင်းက အယ်လ်ဂျီးယားအသင်းကို တဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး (၃) မှတ်ရရှိခဲ့သည်။ ဆလိုဗေးနီးယားအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို အသင်းခေါင်းဆောင်ဖြစ်သူ ကွင်းလယ်ကစားသမား ရောဘတ်ကိုရင်က ဒုတိယပိုင်း (၇၉) မိနစ်တွင် ဘီးကုတ်စက်ဝိုင်း ထိပ်နားမှ ညာခြေဖြင့် ဂိုး၏ ညာဘက်ထောင့်သို့ အနိမ့်ဘော ကန်သွင်းယူခဲ့သည်။

ဇွန်လ (၁၃) ရက်နေ့ အုပ်စု (ဃ) ပထမပွဲစဉ်တွင် ဂါနာအသင်းက ဆာဘီးယားအသင်းကို တလုံးတည်းသော ပင်နယ်တီဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဆာဘီးယားအသင်းသည် ဒုတိယပိုင်း (၇၄) မိနစ်တွင် အလက်ဇန္ဒာလူကိုဗစ် နှစ်ဝါတနီဖြင့် အထုတ်ခံရသဖြင့် (၁၀) ယောက်တည်းနှင့် ကစားခဲရသည်။ ထို့နောက် ဒုတိယပိုင်း (၈၃) မိနစ်တွင် ဆာဘီယားနောက်ခံလူ ကုဇ်မာနိုဗစ် ဂိုးဧရိယာအတွင်း ဘောလုံးကို ခေါင်းခုန်တိုက်ရင်း လက်နှင့်ထိသဖြင့် ဂါနာအသင်း ပင်နယ်တီကန်ခွင့် ရရှိသည်။ အဆိုပါ ပင်နယ်တီကို ဂါနာတိုက်စစ်မှူး အဆာမိုဂိုင်ယန်က ကန်သွင်းယူလိုက်သဖြင့် ဂါနာအသင်း (၃) မှတ်ရရှိခဲ့ခြင်းဖြစ်သည်။

ဇွန်လ (၁၃) ရက် အုပ်စု (ဃ) ဒုတိယပွဲစဉ်တွင် ချန်ပီယံသုံးကြိမ်ရ ဂျာမဏီအသင်းက တိုက်စစ်စွမ်းရည် ပြသပြီး သြစတြေးလျအသင်းကို (၄) ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဂျာမဏီအသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး ပိုဒေါလ်စကီး (၈ မိနစ်)၊ ကလိုဆေး (၂၆ မိနစ်)၊ သောမတ်စ်မူလာ (၆၈ မိနစ်)၊ ကာကူး (မိနစ် ၇၀) တို့က အသီးသီး သွင်းယူခဲ့သည်။

ဇွန်လ (၁၄) ရက်နေ့တွင် အုပ်စု (င) မှ နယ်သာလန်-ဒိန်းမတ်၊ ဂျပန်-ကင်မရွန်း၊ အုပ်စု (စ) မှ အီတလီ-ပါရာဂွေးအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။





0 comments: