Tuesday, June 22, 2010

လေယာဉ်အစစ်ဘေးတွင် ပုံစံတူနှစ်ခု ထပ်မံတည်ဆောက်

News Pic
နေပြည်တော်၊ စကိုင်းဘလူးဟိုတယ်ဝင်းအတွင်းရှိ ကော်ဖီ ဖလိုက်စီမံကိန်းမှ လေယာဉ်အစစ်ကို ဧပြီလအတွင်းက တွေ့မြင်ရစဉ်။
ဓာတ်ပုံ- ခရစ္စဒေဗီး

နေပြည်တော်ရှိ စကိုင်းဘလူးဟိုတယ်နှင့် ကော်ဖီဖလိုက် တည်ဆောက် ရေး စီမံကိန်းတွင် လေယာဉ်အစစ်ဖြင့် ပြုလုပ်လျက်ရှိသည့် ကော်ဖီဆိုင် ၏ တစ်ဖက်တစ်ချက်စီ၌ လေယာဉ်ပုံစံတူ အာရ်စီ အဆောက်အအုံ နှစ်လုံးကို ထပ်မံတည်ဆောက်နေရာ၂၀၁၁ ခုနှစ် နှစ်လယ်တွင် ဖွင့်လှစ် နိုင်မည်ဖြစ်သည်။

"ကော်ဖီဖလိုက်ရဲ့ တစ်ဖက်တစ်ချက်မှာ လေယာဉ်ပုံစံတူ အဆောက် အအုံ နှစ်လုံးကို ထပ်ဆောက်နေပါတယ်။ ဟိုတယ်မှာ လာတည်းသူ တွေနဲ့ ပြင်ပက ဧည့်သည်တွေကို လေယာဉ်ကွင်း တစ်ခုကို ရောက်နေ တဲ့ခံစားမှုမျိုး ရအောင် ဖန်တီးမှာပါ။ လာမယ့် ၂၀၁၁ ခုနှစ်နှစ်လယ်မှာ ဖွင့်လှစ်သွားပါမယ်" ဟု တာဝန်ယူတည်ဆောက်နေသည့် မန်း ပြည် တံခွန် ကုမ္ပဏီလီမိတက်မှ စီမံကိန်းမန်နေဂျာဦးမိုးဇော်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ကော်ဖီဖလိုက်သည် ဟိုတယ်ဧရိယာအတွင်း အနားယူအပန်းဖြေဇုန်တွင် ပါဝင်ပြီး ဟိုတယ်ရှေ့မျက်နှာစာထောင့် တစ်ဖက်တွင် နေရာယူထားသည်။

News Pic
ဓာတ်ပုံ- ခရစ္စဒေဗီး

"လေယာဉ်ပုံ အာရ်စီအဆောက် အအုံတစ်လုံးကို သီးသန့်အခန်းတွေ ဖွဲ့ပေးထားပြီး လူ ၅၀ ၀င်ဆံ့မှာပါ။ နောက်တစ်လုံးကို ခန်းဖွင့် ကျယ် ဟောလ်တိုက်ပ်ဖွင့်ပေးထားမှာဖြစ်ပြီး လူ ၈၀ ၀င်ဆံ့နိုင်ပါမယ်။ အလယ် က လေယာဉ်အစစ် ကော်ဖီဆိုင်ထဲမှာတော့ လူ လေးယောက်ဆံ့ စားပွဲ ၀ိုင်း ၁၀ ၀ိုင်း ခင်းကျင်းဖို့ လျာထားပါတယ်"ဟု ဦးမိုးဇော်အောင်က ဖြည့်စွက်ပြောသည်။

လေယာဉ်ပုံစံ အဆောက်အအုံနှစ်လုံးတွင် ဥရောပအစားအစာများ ထည့်သွင်း ၀န်ဆောင်မှုပေးရန် လျာထားကြောင်းနှင့် ၎င်း ကော်ဖီ လေယာဉ်များ၏ အနောက်ဘက်ကပ်လျက်တွင် ပေ ၄၀ x ပေ ၁၂၀ အကျယ်ရှိ စားသောက်ခန်း တစ်ခန်းကို ထပ်မံဆောက်လုပ်သွား မည်ဖြစ်ကာ တရုတ်နှင့် ထိုင်းအစား အစာများကို ရောင်းချရန် လျာထားကြောင်း သိရသည်။

ကော်ဖီဖလိုက်တွင် လေယာဉ်အစစ်၏ ကိုယ်ထည်ကို စစ်တွေမြို့မှ လေလံဆွဲဝယ်ယူကာ တစ်စစီဖြုတ် သယ်ယူခဲ့ပြီး ပြန်လည် တပ်ဆင်ရာ၌ အချိန်နှစ်လကြာခဲ့ကြောင်း သိရသည်။

မြန်မာတိုင်းမ်

0 comments: