Monday, June 21, 2010

အဲပုဂံ လေယာဉ်မယ်များနှင့် အမျိုးသမီး သရုပ်ဆောင်များ ချစ်ကြည်ရေး ဘောလုံးကန်မည်

စီးပွားရေး လုပ်ငန်းရှင်ဦးတေဇပိုင် အဲပုဂံမှ လေယာဉ်မယ်များနှင့် အမျိုးသမီး
ရုပ်ရှင်သရုပ်ဆောင် ဘောလုံး အသင်းတို့
ချစ်ကြည်ရေး ဘောလုံးပွဲ ကစားမည် ဖြစ်ကြောင်း သတင်းရရှိသည်။





အမျိုးသမီးရုပ်ရှင် သရုပ်ဆောင် ဘောလုံးအသင်း (ဓာတ်ပုံ - MYANMAR HERALD TRIBUNE)

အဲပုဂံ လေယာဉ်မယ်များနှင့် ဘောလုံးကစားရန်အတွက် အမျိုးသမီးရုပ်ရှင်သရုပ်ဆောင် ဘောလုံးအသင်းသည် ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း၌ လေ့ကျင့်ရေး ဆင်းနေကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
“အထက်လူကြီးတွေက အဲပုဂံနဲ့ ဘောလုံးကန်ဖို့ ဆိုပြီး အမျိုးသမီး အဆိုတော်တွေ၊ သရုပ်ဆောင်တွေ စု ထား ၊ နောက် ဘောလုံး သင်တန်းပါ ပေးဖို့လုပ် ဆိုတာနဲ့ အခု သင်တန်းတောင် စပေးနေပါပြီ”ဟု ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူက ဆို သည်။
အမျိုးသမီးရုပ်ရှင်သရုပ်ဆောင် ဘောလုံးအသင်းအား သင်တန်းပေးခြင်းများ စတင်ပြုလုပ်နေသော်လည်း မည့်သည့်ရက် ၊ မည်သည့်အချိန်တွင် ယှဉ်ပြိုင်ကစားမည်ကို မသိရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ပါဝင်ကစားမည့် အမျိုးသမီးရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များမှာ ဆုပန်ထွာ၊ နန်းဆုရတီစိုး၊ အေသင်ချိုဆွေ၊ သက်သခင်၊ ဝါဆိုမိုးဦး၊ နဒီဝင့်နိုင်၊ ကေကေမိုးမြင့်၊ ခွန်းဆင့်နေခြည်၊ ခိုင်နှင်းဝေ၊ Jenny၊ N နိုရာ၊ ဆုရွှန်းလဲ့၊ ရှင်းရှင်း၊ နန်းရွှေအေး၊ ထက်ထက်ဆုလှိုင်၊ ရွှန်းပြည့်ပိုင်၊ အေးမွန်၊ ပိုးဖြူသဲ၊ ဟေမာမန်းဝင်း တို့ ဖြစ်ကြောင်းသိရသည်။




ဘောလုံး လေ့ကျင့်ရေး ဆင်းနေသည့် အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်အသင်း (ဓာတ်ပုံ - MYANMAR HERALD TRIBUNE)

“ရုပ်ရှင်အစည်းအရုံးက တယောက်ချင်းဆီကို စာပို့ပြီးခေါ်တာ၊ အခု ထရိန်နင်သာဆင်းနေရတယ်၊ ဘယ်တော့ကန်ရမလဲ မသိ၊ ဟိုဘက်အသင်းက ရှိမရှိတောင် မသိရဘူး၊ အစည်းအရုံးက တာဝန်ရှိသူတွေကို အသေးစိတ်မေးတော့ ဘာမှ မပြောနိုင်ဘူး” ဟု ရုပ်ရှင်သရုပ်ဆောင် တဦးက ပြောသည်။
အဆိုတော် တဦးကလည်း“မသွားမနေရ သဘောမျိုးခေါ်တာဆိုတော့ ငြင်းလို့မရဘူး၊ တဘက်မှာ အနုပညာအလုပ်တွေ က လည်း လုပ်နေတော့ မသွားချင်တာများတယ်၊ ပြိုင်ပွဲ ဘယ်တော့စမယ် ဆိုတာတွေတော့ ဘာမှမသိရသေးဘူး”ဟု ဆိုသည်။
အားကစားဝန်ကြီးဌာနမှ နည်းပြတဦးအပြင် ရုပ်ရှင်အစည်းအရုံးမှ ဦးအောင်ခိုင်၊ ဦးထူးသာ၊ ဦးသန်းဝင်း တို့ပါ တပတ်လျှင် ဗုဒ္ဓဟူး၊ စနေ၂ ရက် ညနေ ၄ နာရီတိုင်း ကူညီ လေ့ကျင့်ရေးဆင်းနေကြောင်း သိရသည်။
အဲပုဂံ လေယာဉ်မယ်တဦးကမူ“ရုပ်ရှင်မင်းသမီးတွေနဲ့ ဘောလုံးကန်ဖို့ရှိတယ်ဆိုပြီး ရုံးချုပ်ကနေ လေယာဉ်မယ်တွေ အကုန် လုံး ကို ဇွန် လဆန်းလောက်က ပြောထားတယ်၊ အခုချိန်အထိတော့ ဘာလေ့ကျင့်ရေးမှ လုပ်တာမရှိသေးဘူး၊ လေယာဉ်မယ် တွေ ဆိုတာကလည်း အကုန်လုံး လှလှပပလေးနေချင်တာ ကွင်းထဲမှာ ဟိုပြေးဒီပြေးလုပ်ဖို့ ဘယ်သူမှ စိတ်မ၀င်စားဘူး”ဟု ပြောသည်။
အဲပုဂံ ပိုင်ရှင် ဦးတေဇ က ရန်ကုန် ယူနိုက်တက် ဘောလုံးအသင်းကို ၂၀၀၉ ခုနှစ်က စတင် တည်ထောင်ခဲ့သော်လည်း အမျိုးသမီး ဘောလုံးအသင်း မရှိသေးကြောင်း သိရသည်။
Source by DailyMail

0 comments: