Monday, June 14, 2010

တိုင်း(မ်)နဲ့ ဆန်းဒေးတိုင်း(မ်) သတင်းစာများ အွန်လိုင်းမှဖတ်ရန် အခကြေးငွေပေးရတော့မည်

News Pic
အသစ်လွှင့်တင်လိုက်သည့် The Times သတင်းစာ၏ ၀က်ဘ်ဆိုက် ကို ကြည့်ရှု နေသူတစ်ဦးကို မေလ ၂၅ ရက်နေ့က လန်ဒန်မြို့တွင် တွေ့ရစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ

အင်္ဂလန်နိုင်ငံက သည်တိုင်း(မ်) (The Times) နဲ့ ဆန်းဒေးတိုင်း(မ်) (Sunday Times) သတင်းစာတို့ဟာ အွန်လိုင်း စာဖတ်ပရိသတ်တွေကို အခ ကြေးငွေ ကောက်ခံတော့မှာဖြစ်ပြီး ဒီဇိုင်းအသစ်နဲ့ပြုပြင်ထားတဲ့ ၀က်ဘ်ဆိုက် တွေကို စတင်သုံးစွဲနေပြီဖြစ်ပါတယ်။

ဒီဝက်ဘ်ဆိုက်ကို အသုံးပြုသူတွေဟာ ဇွန်လကစပြီး တစ်ရက်အသုံးပြုခ တစ်ပေါင် (၁ ဒသမ ၄ ဒေါ်လာခန့်) ပေးရမှာဖြစ်ပြီး တစ်ပတ်စာအတွက် ဆိုရင်တော့ နှစ်ပေါင် (၂ ဒသမ ၈ ဒေါ်လာခန့်) ပေးရမှာဖြစ်ပါတယ်။

သည်တိုင်း(မ်)သတင်းစာက အယ်ဒီတာ ဂျိမ်းစ်ဟာဒီက အခုအချိန်မှာ ဒီသတင်းစာနှစ်စောင်ကို အွန်လိုင်းကနေ အခမဲ့ ဖတ်ခွင့်ပေးတာကို ရပ်တန့်ရတော့မယ့်အချိန်ပဲလို့ပြောပါတယ်။

ဒီသတင်းစာနှစ်စောင်ကနေ အခုလို စတင်ပြီး ငွေကြေးကောက်ခံတာကို မီဒီယာလောကကအသေအချာ စောင့်ကြည့်နေကြတယ်ဆိုတာ သတိထားမိတယ်လို့လည်း သူကပြောပါတယ်။

"အခမဲ့ပေးဖတ်ရတာဟာ သတင်းစာပညာရဲ့ တန်ဖိုးကို လျော့ကျစေ တယ်လို့ ခံစားရတယ်။ ပြီးတော့ ကျွန်တော်တို့သတင်းစာရဲ့ တန်ဖိုးကို နှိမ့်ချရာရောက်ပြီး သတင်းတွေနဲ့ သတင်းစာပညာရဲ့တန်ဖိုးကို အထင် အမြင်သေးမှုဖြစ်ပေါ်စေပါတယ်" လို့ သူက ဘီဘီစီကို ပြောကြားခဲ့ ပါတယ်။

ဒါပေမယ့် သူက အခုလို ငွေကြေး ကောက်ခံဖို့ လုပ်တာဟာ စာဖတ်သူ ဖောက်သည်တွေ ဆုံးရှုံးနိုင်တဲ့အတွက် သိပ်ကို စွန့်စားရာရောက်တယ်လို့ ဆိုတာကိုတော့ ၀န်ခံပါတယ်။

သတင်းဝက်ဘ်ဆိုက်တွေကို ငွေပေးပြီးကြည့်မယ့်သူဟာ ၀က်ဘ်ဆိုက်ကို လာတဲ့သူတွေရဲ့ ငါးရာခိုင်နှုန်းလောက် ရှိမယ်လို့ မီဒီယာ လောကက ခန့်မှန်းကြပါတယ်။ မကြာသေးခင်က သိရတဲ့ ကိန်းဂဏန်းတွေအရဆိုရင် သည်တိုင်း(မ်) နဲ့ ဆန်းဒေးတိုင်း(မ်)ကို အွန်လိုင်း ကနေ နေ့စဉ်ဖတ်ရှုသူ ၁ ဒသမ ၂၂ သန်း ရှိတယ်လို့ သိရပါတယ်။

အခုလို အခကြေးငွေ ကောက်ခံတဲ့ စနစ်ကို ကျင့်သုံးတာဟာ သတင်းစာပညာရဲ့ ရှေ့ရေးနဲ့ စာဖတ်သူတွေဟာ ငွေပေးပြီး သတင်း တွေကိုဖတ်လိုစိတ် ရှိမရှိနဲ့ ပတ်သက်ပြီး သိလာနိုင်တယ်လို့ ဘီဘီစီက Rory Cellan-Jones က ဆိုပါတယ်။

News International ဟာ သတင်း စာကို အွန်လိုင်းမှာ လပေးဖတ်သူ ၄၀၇,၀၀၀ ရှိကာ အအောင်မြင်ဆုံး ၀က်ဘ်ဆိုက်တစ်ခုရှိတဲ့ ဝေါလ်စထရိ ဂျာနယ်ကိုပိုင်ဆိုင်ပါတယ်။ ဒါပေမယ့် ဒီဂျာနယ်မှာက အထူးကျွမ်းကျင်သူ တွေရဲ့ ရေးသားမှုတွေကို ဖတ်ရှုဖို့သာ အခ ကြေးကောက်ခံတာဖြစ်ပြီး အခုလို အထွေထွေသတင်းတွေကို အခကြေး ငွေကောက်ခံတာဟာ ကွဲပြားတဲ့ စီးပွားရေး ပုံစံ တစ်မျိုး ဖြစ်ပါတယ်။

0 comments: