Thursday, June 24, 2010

မီးလောင်ခံခဲ့ရသော မင်္ဂလာဈေး၏ ပဉ္စထပ်မှ တတိယထပ် အထိကိုသာ ဖျက်သိမ်း၍ ပြန်လည်ဆောက်လုပ်မည်

မေလ ၂၄ ရက်တွင် မီးလောင်ခဲ့ရသော ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး ၏ ပဉ္စမထပ်(ခေါင်မိုးထပ်)မှ တတိယထပ်၏ ခေါင်မိုးအထိကိုသာ ဖျက်သိမ်းသွားမည်ဖြစ်ပြီး ယင်းအထပ်များကို ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မင်္ဂလာဈေး သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ မီးလောင်ခံခဲ့ရသော မင်္ဂလာဈေး၏ ပဉ္စမထပ်မှ တတိထပ်၏ ခေါင်မိုး (စတုတ္ထထပ်၏ကြမ်းပြင်) အထိမှာ အန္တရာယ်ရှိသောကြောင့် အန္တရာယ်မဖြစ်ပေါ်အောင် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဈေးကြီး အား ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ၍ ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


''မင်္ဂလာဈေး မီးလောင်ခံခဲ့ရတဲ့ အထပ်တွေကို ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။ ဖျက်သိမ်းတဲ့အထဲမှာ ခေါင်မိုးထပ်ကနေ တတိယထပ် ခေါင်မိုးအထိ ပါပါတယ်။ ဒီလိုဖျက်သိမ်းရတာကလည်း အန္တရာယ်မဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ မီးလောင်ခံခဲ့တဲ့ အထပ်တွေက အချိန်နာရီတော်တော် ကြာ မီးလောင်တာခံခဲ့ရတဲ့အတွက် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဈေးကြီး ကို ရန်ကုန်မြို့တော်စည်ပင်ကပဲ တာဝန်ယူပြီး ပြန်ပြင်ဆောက်သွားမှာ ပါ။ အခုလောလောဆယ်မှာ မီး လောင်တဲ့အထပ်တွေကို ဖျက်သိမ်းမှု တွေစပြီးလုပ်နေပါပြီ''ဟု မင်္ဂလာဈေး သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
မင်္ဂလာဈေးမီးလောင်မှုမှာ မေ လ ၂၄ ရက် နံနက် ၈ နာရီခွဲအချိန် တွင် စတင်ခဲ့ခြင်ဖြစ်ပြီး မေလ ၂၅ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်မှသာ မီးညွန့်ကို ထိန်းထားနိုင်ခဲ့ပြီးမီးစတင် လောင်ကျွမ်းချိန်မှ မီးလုံးဝငြိမ်းသွားသည့် အချိန်အထိ နာရီပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံတွင် အချိန်အကြာဆုံးမီးလောင်မှု စာရင်း ၀င်သွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန ၏ထုတ်ပြန်ချက်များအရသိရှိရသည်။
မင်္ဂလာဈေး၏ ပဉ္စမထပ်(ခေါင် မိုးထပ်)နှင့်စတုတ္ထထပ်တို့ ရှိကြမ်းခင်း နှင့်ခေါင်မိုး၊ ကွန်ကရိတိုင်များသည် မီးလောင်ခြင်းကို သာမန်အားဖြင့် ၄ နာရီခန့်သာခံနိုင်ရည်ရှိပြီး ယခု မီး လောင်ချိန်မှာနာရီပေါင်းများစွာ ကြာ မြင့်ခဲ့သဖြင့် ကွန်ကရိနှင့်သံချောင်းများ မှာ ခံနိုင်ရည်များကျဆင်းပြီး အားမ ကောင်းတော့ကြောင်းသိရသည်။


မင်္ဂလာဈေး မီးလောင်ခဲ့ရသော အထပ်များအား ပြုပြင်တည် ဆောက်ရာတွင် အချက်သုံးချက်ဖြင့် တည်ဆောက်သွားမည် ဖြစ်ပြီး ပထမအချက်အနေဖြင့် အလင်းရောင်များများရရှိရန်၊ ဒုတိယ အချက်အနေဖြင့် လေကောင်း လေသန့်ဝင်ရန်၊ တတိယအချက်အနေဖြင့် လှေကားပေါက်၊ တံခါးပေါက်များများဖောက်ကာ သွားလာရ အဆင်ပြေလွယ်ကူစေရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြုပြင်တည်ဆောက်နေဆဲ ကာလတွင် အန္တရာယ်မရှိပါက မြေညီထပ်မှ ဒုတိယထပ်အထိ ဆိုင်ခန်းများ ကို သက်ဆိုင်ရာအထပ်များ၌ ရောင်းချခွင့်ပေးရန် စီစဉ်နေကြောင်း သိရသည်။


0 comments: