Tuesday, June 22, 2010

ပြင်သစ်နှင့် အင်္ဂလန် ကစားသမားများ နည်းပြများနှင့် ပြဿနာတက်

ပြင်သစ် တိုက်စစ်မှူး နီကိုလပ်စ် အနယ်လ်ကာကို နည်းပြ ဒိုမိနက်ခ်ျက အသင်းမှ ထုတ်ပယ် လိုက်သည့် အတွက် တသင်းလုံး ပုံမှန် လေ့ကျင်ခန်း မပြုလုပ်ဘဲ ဆန္ဒပြခဲ့ ကြသည်။

မက္ကဆီကို အသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် အသုံးပြုသည့် နည်းပြ၏ ဗျူဟာများ မှားယွင်းကြောင်း အနယ်လ်ကာက ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည့်အပြင် ရင့်သီး ကြမ်းတမ်းသည့် စကားလုံးများနှင့် ဆဲဆိုခဲ့သည့် အတွက် အသင်းမှ ထုတ်ပယ် ခံရခြင်းဖြစ် သည်ဟု အင်္ဂလန်နိုင်ငံ အခြေစိုက် Telegraph သတင်းစာတွင် ရေးသားထားသည်။

[အထုတ်ခံရသည့် တိုက်စစ်မှူး အနယ်လ်ကာနှင့် ပြင်သစ် အသင်းသားများ (ဓာတ်ပုံ - AFP )]

ထိုသို့ ထုတ်ပယ် မှုကြောင့် အသင်းသား များကြား မကျေနပ်မှုများ ဖြစ်ပွားခဲ့ရာမှ လေ့ကျင်ခန်း မဆင်းဘဲ တည်းခိုရာ ဟိုတယ်သို့ ပြန်သွားခဲ့ ကြသည်။

ထိုသို့ အသင်းသားများ ဆန္ဒပြမှု ဖြစ်ပွား ခဲ့ခြင်းကြောင့် ပြင်သစ် ဘောလုံး အဖွဲ့ချုပ် (FFF) မှ ဒါရိုက်တာ ဂျင်းလူးဝစ် ဗယ်လင်တိုင်းလည်း ရာထူးမှ နှုတ်ထွက်ခဲ့သည်။

“ဒီလုပ်ရပ်ဟာ ပြင်သစ် တပြည်လုံးနဲ့ အဖွဲ့ချုပ်ကို စော်ကားတဲ့ လုပ်ရပ်ပါ၊ လက်ခံနိုင်စရာ မရှိပါဘူး၊ စက်ဆုပ်ဖွယ် ကောင်းတဲ့ လုပ်ရပ်ပါ” ဟု ဒါရိုက်တာ လူးဝစ်က ပြောသည်။

ထိုအတောအတွင်း အသင်း၏ ကြံ့ခိုင်ရေး နည်းပြ Robert Duverne က လေ့ကျင့်ရေး ကိရိယာများကို ဒေါသတကြီး လွှင့်ပစ်ခဲ့ သဖြင့် ပြင်သစ် အသင်းခေါင်းဆောင် အီဗရာနှင့် အချေအတင် စကားများခဲ့ကြသည်ဟု အဆိုပါ သတင်းစာတွင် ရေးသား ထားသည်။ ၎င်းနောက်တွင် အီဗရာနှင့် နည်းပြအဖွဲ့တို့ ဆက်လက်ဆွေးနွေးကြောင်း သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က မက္ကဆီကို အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အတွက် ပြင်သစ်အသင်း နောက်တဆင့် တက်ရန် အလားအလာမှာ များစွာမှေးမှိန်ခဲ့ရသည်။

ထို ရှုံးနိမ့်မှုကို ပြင်သစ်၏ ဂန္ထ၀င် ကစားသမားကြီး ဇီဒန်းအပါအ၀င် လက်ရွေးစင်များဖြစ်ကြသည့် အီဗရာ၊ ဂါးလက်စ်၊ ရစ်ဘာရီနှင့် အွန်နရီတို့ကပါ ဝေဖန်ခဲ့ကြသည်။

ယခုပြဿနာများကြောင့် တိုက်စစ်မှူး နီကိုလပ်စ်အနယ်ကာသည် ပြင်သစ်လက်ရွေးစင်ဘ၀မှ အပြီးတိုင် အနားယူလိုက် သကဲ့သို့ 
နည်းပြ ဒိုမစ်နစ်ခ်ျ၏ ရှေ့ရေးလည်း မသေမချာဖြစ်နေသည်။

ပြင်သစ်အသင်းသည် လာမည့် အင်္ဂါနေ့တွင် အိမ်ရှင်တောင်အာဖရိကအသင်းနှင့် ကစားရဦးမည် ဖြစ်သည်။

အလားတူ နာမည်ကြီး အင်္ဂလန်အသင်းတွင်လည်း နောက်ခံလူ ဂျွန်တယ်ရီက နည်းပြ ကာပယ်လို၏ ဗျူဟာများကို ဝေဖန် လျှက်ရှိသည်။

ယခု အချိန်တွင် အင်္ဂလန် အသင်း၏ အနေအထားကို အားလုံး သိပြီး ဖြစ်ကြောင်း၊ ပွင့်လင်း ရိုးသားမှု မရှိလျှင် မည်သည့် အရာမှ ဖြစ်လာမည် မဟုတ်ကြောင်း ဂျွန်တယ်ရီက မီဒီယာများသို့ ပြောဆိုကြောင်း အင်္ဂလန် အခြေစိုက် ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြ ထားသည်။



“အသင်း ကိုယ်စား ကျနော် ပြောချင်တာက ကစားသမား တွေရဲ့ ခံစားချက်ကိုပါ။ အသင်းဟာ ချောက်ထဲ ရောက်နေသလို နည်းပြ ကိုလည်း အားလုံး စိတ်ပျက် နေတယ်”ဟု ဂျွန်တယ်ရီက ဆိုသည်။

အင်္ဂလန်အသင်းသည် အရှေ့ဥရောပ အသင်းတသင်းဖြစ်သည့် ဆလိုဗေးနီးယား၊ အမေရိကန်၊ အာဖရိကတိုက်မှာ အယ်ဂျီးရီးယား အသင်းတို့နှင့် တအုပ်စုတည်း ကျရောက်နေပြီး ၂ ပွဲကန်ရာ သရေကျ၍ ၂ မှတ် ရရှိထားသည်။

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဇယားထိပ်ဆုံးတွင် အုပ်စု ပထမနေရာ ရယူထားသည့် ဆလိုဗေးနီးယား အသင်းနှင့် ကစားရမည် ဖြစ်သည်။

ဧရာဝတီမြန်မာသတင်း

0 comments: