Monday, June 14, 2010

ရေနံ ယိုဖိတ်မှု အရေးကို လျစ်လျူရှု၍ ကမ္ဘာ့ဖလားပွဲ သွားကြည့်နေသည့် ဒုသမ္မတကို အိုဘားမား ဒေါသထွက်နေ


အမေရိကန် သမ္မတ ဘားရတ် အိုဘားမားသည် သူ၏ ဒုသမ္မတ ဖြစ်သူ ဂျိုးဘိုင်ဒန်အား ကမ္ဘာ့ ဖလား ပြိုင်ပွဲ သွားကြည့်နေ သဖြင့် ဒေါသ ထွက်လျှက် ရှိနေကြောင်း သိရသည်။ ဘိုင်ဒန် သည် အမေရိကန် အစိုးရ လတ်တလော ခေါင်းခဲ နေရသော ရေနံ ယိုဖိတ်မှု ပြဿနာကို လျစ်လျူရှုပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ သွားရောက် ကြည့်ရှုနေ သဖြင့် အိုဘားမားက ဒေါသ ထွက်ခဲ့ခြင်း ဖြစ်သည်။ ဘိုင်ဒန်သည် သူ၏ မိသားစုဝင် အချို့နှင့်အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပရန် တစ်ရက် အလို၌ တောင်အာဖရိက နိုင်ငံသို့ ရောက်ရှိ နေခြင်း ဖြစ်သည်။ အိုင်ယာလန် - အမေရိကန် ကပြား ဖြစ်သူ ဘိုင်ဒန်သည် အမေရိကန် အသင်း နှင့် အင်္ဂလန် အသင်းတို့ ထိပ်တိုက် တွေ့ဆုံသည့် ပွဲကို ကြည့်ရှုလို သဖြင့် ယင်းသို့ သွားရောက် နေခြင်းလည်း ဖြစ်ပြီး သမ္မတ အိုဘားမားကို ပြန်လည် တောင်းပန်မှု ပြုလုပ်ခဲ့ ရကြောင်းလည်း သိရသည်။ "အမေရိကန် နိုင်ငံရဲ့ ကိုယ်စား ကျွန်တော် ဒီမှာရောက်နေ ရတာကို ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ သမ္မတ ကတော့ ဒေါသထွက် နေပါတယ်" ဟု ဘိုင်ဒန်က ဂျိုဟန်စ်ဘတ် မြို့တွင် ရောက်ရှိနေ သည့် အမေရိကန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ အဖွဲ့တစ်ဖွဲ့သို့ ပြောကြားခဲ့သည်။ "အိုင်ယာလန် သွေးပါတဲ့ လူတစ်ယောက် အနေနဲ့ ပြောရရင် ကျွန်တော်တို့ အင်္ဂလန်ကို အနိုင်ရချင် ပါတယ်"ဟု ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိ အချိန်သည် မက္ကဆီကို ပင်လယ်ကွေ့တွင် ဗြိတိသျှ ရေနံ ကုမ္ပဏီ BP မှ ရေနံများ ယိုဖိတ်မှု ဖြစ်ပွားခဲ့ သဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ပြုလုပ် ရန် အမေရိကန် အစိုးရ အလုပ်ရှုပ် နေသည့် အချိန် ဖြစ်သည်။ ယင်း ပြဿနာသည် သမ္မတ အိုဘားမား လက်ထက် ရင်ဆိုင် ရဖူးသော အကြီးဆုံး ပြဿနာလည်း ဖြစ်သည်။ ဘိုင်ဒန် သည် တောင် အာဖရိက သို့ ရောက်ရှိနေစဉ် မြေးမလေး ကွယ်လွန်မှုကြောင့် ပူဆွေးသောက ရောက်နေရသည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား ထံသို့လည်း ၀င်ရောက်ကာ ၀မ်းနည်းစကား ဆိုခဲ့ကြောင်း သိရသည်။ ( Soccermyamar )

0 comments: