Friday, June 25, 2010

နျူကလီးယားလက်နက်ပိုင်သည့် စစ်အင်အား နိုင်ငံဖြစ်ရန် ရည်ရွယ်ချက်မရှိကြောင်းပြောကြား

နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောကြားချက်များမှာ မမှန်ကန်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် စစ်အင်အားနိုင်ငံဖြစ်လာရန် ရည်ရွယ်ချက်မရှိကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇွန်လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသံလွှင့်ဌာနများက စွပ်စွဲပြောကြား ချက်များသည် မြန်မာနှင့် အမေရိကန် ဆက်ဆံရေး ပြန်လည် စတင်နေချိန် တွင် အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ် ကြောင်းနှင့် ယခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲအား အဟန့်အတားဖြစ် ရန်ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

ကာတာနိုင်ငံ ဒိုဟာအခြေစိုက် အယ်လ်ဂျာဇီးယား ရုပ်သံမှ မြန်မာနိုင်ငံအနေဖြင့် ကိုရီးယားဒီမိုကရက်တစ်နိုင်ငံ (မြောက်ကိုရီးယား) နှင့် ပူးပေါင်း ကာ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်း ဇွန်လစောစောပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်မပြန့်ပွားရေး စာချုပ်ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယင်းစာချုပ်နှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)၏ စောင့်ကြည့်မှု သဘော တူညီချက်ကို ၁၉၉၅ ခုနှစ်တွင် IAEA နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လွှတ်ပေးနိုင်သည့် ဓာတ်ပေါင်းဖိုတစ်ခု ဆောက်လုပ်ရန် ရုရှားနိုင်ငံနှင့် ၂၀၀၇ ခုနှစ်၊ မေလက သဘောတူညီခဲ့သည်။

"ဓာတ်ပေါင်းဖိုတည်ဆောက်မည့် စီမံကိန်းသည် လုံလောက်သည့်အရင်းအမြစ်များ မရှိခြင်း၊ နိုင်ငံတကာမှ နားလည်မှု လွဲမှားမည် စိုးခြင်းတို့ကြောင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ ရပ်ဆိုင်းထားခဲ့ပါတယ်"ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် လက်နက်အရောင်းအ၀ယ်ပြုလုပ်နေသည်မှာ မဟုတ်မမှန်ကြောင်းနှင့် တရားဝင် ခွင့်ပြုထား သည့် ကုန်ပစ္စည်းများကိုသာ ကုန်သွယ်မှုပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာတိုင်းမ်

0 comments: