Thursday, June 3, 2010

လေးဆယ်ကျော်မှ အမြွှာပူးကိုယ်ဝန်ရသွားတဲ့ ဆလင်းဒီယွန်


အဆိုတော် ဆလင်းဒီယွန်တစ်ယောက် ကိုယ်ဝန်ရှိနေပြီဟု သိရသည်။ ပြင်ပသန္ဓေအောင်နည်းဖြင့် (၆)ကြိမ်မြောက် ကြိုးစားပြီးနောက် အသက်(၄၂)နှစ်အရွယ် My Heart Will Go Onအဆိုတော်သည် အမြွှာပူးကိုယ်ဝန် ရှိနေပြီဟုဆိုသည်။ သူမ၏ ပြောရေးဆိုခွင့်ရ အရာရှိက အဆိုပါ သတင်းကို အမေရိကန် မီဒီယာများထံ အတည်ပြု ပြောကြားလိုက်သည်။ ဒီယွန်သည် အသက်(၆၈)နှစ်အရွယ် ခင်ပွန်းသည် ရီနီအန်ဂျီလီနှင့် (၉)နှစ်အရွယ် သားငယ်လေး ရီနီကားလ်စ်ကို မွေးဖွားခဲ့ပြီးဖြစ်သည်။

Celine Dion



ဒီယွန်၏ လူထုဆက်ဆံရေး အရာရှိဖြစ်သူ ကင်မ်ဂျက်ဝက်သ်က ဆဌမအကြိမ်မြောက်အဖြစ် ယင်းနည်းပညာကို အသုံးပြုခဲ့ပြီးချိန်တွင် သတင်းကောင်းကို ကြားရခြင်းဖြစ်ကြောင်း Peopleမဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ ယခုအခါ ဒီယွန်သည် ကိုယ်ဝန်(၃)လကျော် ရှိနေပြီဟု ဆရာဝန်များက ပြောကြားခဲ့ပြီး နောက်လအတွင်း အမြွှာလေးများအား ယောက်ျားလေး၊ မိန်းကလေး ကွဲကွဲပြားပြား သိနိုင်တော့မည်ဟုဆိုသည်။ သူမ၏ ခင်ပွန်းလည်းဖြစ်ပြီး မန်နေဂျာအဖြစ်ပါ ဆောင်ရွက်ပေးနေသည့် ရီနီက “ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ သူက ဒီကိုယ်ဝန်ကို ကျန်းကျန်းမာမာ ဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့အပြင် ကလေးတစ်ဦး မွေးဖွားရန် မျှော်လင့်နေသည့် မိမိတို့ ဇနီးမောင်နှံအတွက် အမြွှာမွေးမည်ဟု သိရသည့်အခါ အပျော်နှစ်ဆ တိုးသွားစေကြောင်းလည်း ရီနီက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လကလည်း ဒီယွန်သည် ကိုယ်ဝန်ဆောင်ခွင့် ရခဲ့သေးသော်လည်း သူမ၏ ပြောရေးဆိုခွင့်ရ အရာရှိက နိုဝင်ဘာလတွင် ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ သို့သော်လည်း သူမအနေနှင့် ဆေးပညာ နည်းလမ်းများ၏ အကူအညီဖြင့် ဆက်လက်ကြိုးပမ်းခဲ့ပြီးနောက် ယခုလို ကိုယ်ဝန်ထပ်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

0 comments: