Tuesday, June 15, 2010

ကျပ်ငါးသိန်းတန် ဖုန်းများကို ၂၄ နာရီအတွင်း ပိုင်ဆိုင်နိုင်တော့မည်


ကျပ်ငါးသိန်းဖုန်းဟု လူသိများသည့် စီဒီအမ်အေ ၈၀၀မဂ္ဂါဟတ်ဇ် ဖုန်းများကို ဇွန်လ၁၅ရက်မှစတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ပေးသည့် ရန်ကုန်မြို့ရှိ နေရာရှစ်ခုတွင် ၂၄နာရီအတွင်း အပြီးသတ် လျှောက်ထားရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ သတ်မှတ်ထားသည့် နေရာရှစ်ခုမှာ အိတ်စ်ချိန်းရုံးလေးခုနှင့် စာတိုက်လေးခုဖြစ်ပြီး အိတ်စ်ချိန်းရုံးလေးခုမှာ အလုံ၊ ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် လမ်း၄၀အိတ်စ်ချိန်းရုံးများဖြစ်ကာ စာတိုက်လေးခုမှာ မင်္ဂလာဒုံ၊ မြောက်ဒဂုံ၊ ဗဟိုစာတိုက်ကြီးနှင့် တက္ကသိုလ်စာတိုက်တို့ ဖြစ်သည်။ ဖုန်းလျှောက်ထားရယူလိုသူများ အနေဖြင့် ထိုသတ်မှတ်နေရာရှစ်ခုတွင် လျှောက်ထားနိုင်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံပါက ကျပ်ငါးသိန်းဖုန်း ငှားရမ်းသုံးစွဲခွင့်ကို ၂၄နာရီအတွင်း ရရှိမည်ဖြစ်သည်။ ငှားရမ်းသုံးစွဲခွင့်ကို ရရှိပြီးပါက မင်္ဂလာဒုံ၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ကျောက်တံတား၊ ဗဟန်းမြို့နယ်များရှိ အီလိုက်တက် အရောင်းစင်တာများတွင် ဖုန်း RUIM ကတ်များကို ထုတ်ယူနိုင်မည် ဖြစ်သည်။ထိုဖုန်းများကို ယခင်က နေပြည်တော်ရှိ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးရုံး၊ ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ်ရုံးနှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးများသို့ ဆက်သွယ်လျှောက်ထားခဲ့ရပြီး ဖုန်းငှားရမ်းသုံးစွဲခွင့်ရရှိရန် အနည်းဆုံး နှစ်ပတ်ကြာမြင့်ခဲ့သည်။ အဆိုပါဖုန်းများ စတင်ချပေးထားမည့် အစီအစဉ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကြေညာခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် လိုင်းပေါင်းတစ်သိန်းခွဲ ချထားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။


သတ်မှတ်ဧရိယာကုဒ်နောက်တွင် ၇၃(သို့)၉၁ နံပါတ်များဖြင့် စတင်သည့် ထိုဖုန်းများကို ဇန်န၀ါရီလ၄ရက်မှ စတင်ကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ချထားပေးခဲ့ခြင်းဖြစ်ပြီး ယခုလဆန်းတွင်ထုတ်ပြန်သည့် တရားဝင်စာရင်းများအရ ရန်ကုန်မြို့တွင်လိုင်းပေါင်း ၃၅,၀၀၀ ကျော်နှင့် မန္တလေးမြို့တွင် လိုင်းပေါင်း၁၅,၀၀၀ကျော် ချထားပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါဖုန်းများကို ၂၄နာရီအတွင်း အပြီးလျှောက်ထားရယူနိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ မြောက်ဒဂုံမြို့နယ်နေ ကိုမိုးညိုက “ဒီအစီအစဉ်သစ်ကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းလျှောက်ချင်သူတွေအတွက် အချိန်သိပ်မပေးရတော့သလို လျှောက်ထားရမယ့် နေရာတွေကို အသေအချာ သတ်မှတ်ပေးထားတဲ့အတွက် ဘယ်နေရာမှာ လျှောက်ရမယ်ဆိုတာ သို့လော၊ သို့လောဖြစ်နေတဲ့ ဖုန်းလျှောက်ထားသူတွေအတွက် အလွန်အဆင်ပြေပါတယ်။ ဒီသတင်းကတော့ လူတိုင်းမျှော်လင့်နေတဲ့ သတင်းပါ။ အခုဆိုရင် တချို့နေရာတွေမှာ ဖုန်းလိုချင်သူတွေအတွက် တစ်သိန်းလောက် အပိုပေးနေရပေမယ့် အဲဒီအခြေအနေရောက်ရင် ဒါလွတ်ကင်းသွားမှာပေါ့”ဟု သုံးသပ်ပြောကြားသည်။


0 comments: