Monday, June 21, 2010

သံလျင်တံတားပေါ်တွင် ခရီးသည်တင် ကားသစ်တစ်စီး မီးလောင်မှုဖြစ်ပွား



သံလျင်တံတားပေါ်တွင် ခရီးသည်တင် ကားသစ်တစ်စီးမီးလောင်မှု ဖြစ်စဉ်ကို ဇွန်လ ၁၅ရက်နေ့ ညနေ ၄နာရီ ၀န်းကျင် အချိန်တွင် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရှိမှု မရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ သီလ၀ါ ဆိပ်ကမ်းဘက်မှ ရန်ကုန်မြို့တွင်း အလာ သံလျင်တံတား ရေလယ်တိုင်အမှတ် ၆ အနီးတွင် အဆိုပါ ခရီးသည်တင်ယာဉ် ကားသစ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် သံလျင်တံတားကိုဖြတ် မောင်းသွားလာလျက်ရှိသည့် အဆင်းအတက်ကားများ အချိန် အတော်အတန်ကြာ တက်ဆင်းခွင့် မပြုခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှုဖြစ်ခဲ့သော ခရီးသည်တင်ယာဉ်မှာ ကားသစ်တစ်စီးဖြစ်ပြီး ခရီးသည်တစ်ဦးမှ မပါရှိကြောင်း၊ အဆိုပါကားနှင့် အတူ စုစုပေါင်းကားသစ်သုံးစီး သွားနေစဉ်အတွင်း နောက်ဆုံးမှ မောင်းနှင်လာသည့် ယာဉ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရခြင်းမှာ ယာဉ်မောင်းနေစဉ် ဘက်ထရီအိုးမှတစ်ဆင့် ဝါယာရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန်မှာ ညနေ ၄ နာရီ ၈ မိနစ်မှ ၄ နာရီ ၃၅ မိနစ်ထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

"ကျွန်မက တာမွေကနေ သံလျင်ကိုသွားတဲ့ ဟိုင်းလတ်ကားကို စီးပြီးသွားတယ်။ ၆ နာရီလောက်မှာ ကားမီးလောင်နေလို့ ဖြတ်သန်းသွားလာခွင့် မပြူသေးဘူးပြောတယ်။ ည ၇ နာရီမှာ တံတားပေါ်ကို တက်မောင်းခွင့် မပေးသေးတော့ ကျွန်မစီးတဲ့ကားက ယုဇနဥယျာဉ်ဘက်ကနေ ပတ်ပြီးမောင်းခဲ့ပါတယ်" ဟု သံလျင်သို့ ခရီးသွားတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို မီးသတ်တပ်ဖွဲ့မှ မီးသတ်ယဉ် ၃ စီးလာရောက်ငြှိမ်းသတ်သွားခဲ့ကြောင်း သိရှိရသည်။ သဲလျင်မြို့နယ် ရဲစခန်းမှ (ပ) ၇၈၈/၂၀၁၀ ပြစ်မှုပူဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်းသိရှိရသည်။


0 comments: