Wednesday, June 30, 2010

လူဟာ မျောက်ကနေ ဖြစ်လာတာပါလား

သပံ္ပအယူအဆ လူဖြစ်လာပုံနှင့် ဗုဒ္ဓဘာသာအရ လူဖြစ်လာပုံကို နှိုင်းယှဉ်နိုင်စေရန် ဆရာတော် ဦးကောဝိဒ( မြိတ်) ဆီမှ ဘာသာရေးရှုဒေါင့်အရ ဖြေထားသော ပို့စ်ကို ပြန်လည်ကူးယူပြီး သိပ္ပံအရ လူဖြစ်လာပုံကို ဖြည့်စွက်ကာ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

အမေး။အရှင်ဘရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင်ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဌာန်းတရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက်ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော်ဥာဏ်မမီတဲ့အတွက် ဖြေ ကြားပေးတော်မူပါဘုရား။
စောဝတ်မှုံခင်
ခေတ္တ ဂျပန်
အဖြေ။ ။ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီ ပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းက မပါခဲ့တဲ့ ဗြဟ္မာများဟာ အောက်အောက်ဗြဟ္မာ့ဘုံနတ်ဘုံ များကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသနေ တည်ကြပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်ကစုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေတဆင့် လူဖြစ်လာတယ်ဆိုတာ တစ်ထစ်ချပြောလို့မရပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀သံသရာ ကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။(သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄)
နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြတဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်….
သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇ ဆိုပြီးပဋိသန္ဓေ လေးမျိုး ရှိပါတယ်။(သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)
(က) သံသေဒဇပဋိသန္ဓေ
ပဒုမ္မာကြာတိုက်၊ ကိုယ်ဝန်အညစ်အကြေး၊ ပန်းမှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။
ပဒုမာကြာမှာ ပဋိသနေတည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့ သားတော် ၄၉၉ယောက်ဟာ ပဒုမ၀တီမိဖုရားရဲ့ကိုယ်ဝန်အညစ်အကြေးကြောင့် ဖြစ်တယ်။ ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။

(ခ) သြပပါတိက
ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀မှာ ဘွားကနဲ ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိသန္ဓေ” လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေ နေကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ် ဗြဟ္မာများ ဖြစ်ပါတယ်။

(ဂ)အဏ္ဍဇပဋိသန္ဓေ
ဥခွံအတွင်းမှာ ပဋိသန္ဓေနေတာကို အဏ္ဍဇပဋိသနေ လို့ခေါ်ပါတယ်။ ငှက်အမျိုးမျိုး၊ မြွေ၊ လိပ်၊ ငါးစတဲ့ သတ္တ၀ါများဟာ ဥခွံအတွင်း ပဋိသန္ဓေ နေကြတဲ့သတ္တ၀ါများ ဖြစ်ပါတယ်။

(ဃ)ဇလာဗုဇ
သားအိမ်မှ ဖြစ်တာကို ဇလာဗုဇ ပဋိသန္ဓေ လို့ခေါ်ပါတယ်။ လူ၊ ဆင်၊ မြင်း၊ ခွေး စတဲ့ သတ္တ၀ါများဖြစ်တယ်။
ဆိုခဲ့တဲ့ပဋိသန္ဓေများအနက် လူများဟာ သံသေဒဇ၊ သြပပါတိက၊ ဇလာဗုဇ များမှာ ပဋိသန္ဓေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာဦးလူများရဲ့ပဋိသန္ဓေက ဘွားကနဲဖြစ်ပေါ်လာရတဲ့ သြပပါတိကပဋိသန္ဓေ ဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အမိဝမ်းတွင်းပဋိသန္ဓေ နေရတဲ့ ဇလာဗုဇ ပဋိသန္ဓေ ဖြစ်ပါတယ် ဆိုတာ ဖြေကြားပေးလိုက်ရပါတယ်။

စာရေးသူ- ဦးကောဝိဒ(မြိတ်) | ရက်စွဲ- Tuesday, June 29, 2010

1 ယောက်မှတ်ချက်ရေးခဲ့တယ်:

Nge Naing said...

ဦးဇင်းရေ တပည့်တော့်မ နည်းနည်း ဖြည့်ပြောချင်ပါတယ်ဘုရား

ဘုရားဟောတဲ့ အချက်နဲ့ ဒါဝင်သီအိုရီက ဆင်းသက်လာတဲ့ အချက်က နှစ်ခုစလုံးကို မှန်တယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားဟောတဲ့ လူဖြစ်လာပုံက ရှေးဘ၀နောက်ဘ၀ ဆိုတဲ့ လောကုတ္တရာ သံသရာနဲ့ ပြောတာဖြစ်ပြီး လူကို မျောက်ကနေ ဆင်းသက်လာဖွယ်ရှိတယ်ဆိုတာက ဇီဝသိပ္ပံနဲ့ အခုလက်ရှိ သက်ရှိတွေရဲ့ ဖြစ်ပျက်ပြောင်းလဲမှုကိုပဲ ကြည့်ပြီး ပြောတာဖြစ်ပါတယ်။

လူက မျောက်ကနေ ဆင်းသက်လာတယ်ဆိုတာ ဇီဝသိပ္ပံပညာရှင် ချားလ်ဒါဝင်ရဲ့ သက်ရှိတွေကို သုတေသန ပြုလေ့လာရာမှ Evolution Process ကို လေ့လာတွေ့ရှိပြီး ခန့်မှန်းချက် ဖြစ်ပါတယ်။ ဇီဝသိပ္ပံပညာရှင်ကြီး ချားလ်ဒါဝင်ရဲ့ Natural Selection အရ သက်ရှိ သတ္တ၀ါအားလုံးဟာ တမျိုးတည်းက ဆင်းသက်လာနိုင်ဖွယ် ရှိတယ်လို့ ယူဆပါတယ်။ ဘုရားဟောတဲ့ ကမ္ဘာအစမှာ ဘယ်သူမှ မရှိခင်က ဒီကမ္ဘာာကြီးက အစိုင်အခဲကြီး ဖြစ်တယ်ဆိုတာ ကြားဖူးသလို သိပ္ပံ လေ့လာတွေ့ရှိချက်များမှာလည်း ဒီကမ္ဘာကြီးကို စတင်ခဲ့စဉ်က သက်ရှိတွေရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်စတဲ့ Organic Compound တွေ မပါဝင်ခဲ့ဘဲ ကမ္ဘာကြီးဟာ inorganic အစိုင်အခဲအဖြစ်ပဲ ရှိခဲ့ပါတယ်။ နှစ်သန်းပေါင်းများစွာ ရှည်ကြာလာမှ ကာဗွန်၊ ဟိုင်ဒရိုဂျင် အောက်စီဂျင် စသည်တို့ပါတဲ့ Organic Compound တွေ စတင်ဖြစ်ပေါ်လာပြီး အမှုန်အမွှား သေးသေးလေးကနေ ရေဓါတ်နဲ့ပေါင်းစပ်ကာ သက်ရှိတွေ စတင် ဖြစ်လာရတယ်။ အခုလက်ရှိကမ္ဘာမှာ ရှိနေတဲ့ သက်ရှိတွေကို အုပ်စုခွဲလိုက်တော့ Kingdom (အပင်၊ တိရိစ္ဆာန်၊ Microbes) အဆင့်ကနေ Species အဆင့်အထိ သက်ရှိတို့ရဲ့ Organic compound တခုတည်းကနေ ရွေ့လျား ဖြာထွက်ပြောင်းလဲလာပုံ အဆင့်ဆင့်ကို Kingdom အဆင့်ကနေ နောက်ဆုံး Species (မျိုးနွယ်စု) အထိ ဖြာထွက်လာတာကို ခွဲခြမ်းပြထားပါတယ်။ Kingdom (အပင်၊ တိရိစ္ဆာန်၊ Microbes), Phylum, Superclass, Class, Order, Family, Genus, Species ဆိုပြီး သက်ရှိတွေ ဖြာထွက်လာရာမှာ Family အဆင့်အထိ လူနဲ့မျောက်က အမျိုးအစားအတူတူ ဖြစ်ပြီး ဒီနောက်ပိုင်း ဖြာထွက်လာတဲ့ Genus နဲ့ Species မှာမှ ပြောင်းသွားပါတယ်။ ဒါကြောင့်မို့ အဲဒီ Genus နဲ့ Species မတိုင်ခင် အဆင့်က လူနဲ့ မျောက်နဲ့က အုပ်စုတမျိုးတည်းမို့ လူက မျောက်က နေဆင်းသက်လာတယ်လို့ လူတွေက ဒါဝင် သီအိုရီကို အလွယ်နည်းနဲ့ နားလည်လိုက်တာသာ ဖြစ်ပါတယ်။ ဘုရားဟောတဲ့ ကမ္ဘာဆိုတာ ဒီကမ္ဘာတခုတည်းကို ပြောတာ မဖြစ်နိုင်၊ ဘုရား ပါရမီဖြည့်ခဲ့တာတောင်မှ ကမ္ဘာပေါင်း လေးအသင်္ချေနဲ့ တသိန်းဆိုတော့ မရေတွက်နိုင်တဲ့ ကမ္ဘာပေါင်း မြောက်များစွာကို ဆိုလိုတာ ဖြစ်နိုင်ပြီး ဟိုတုန်းကကမ္ဘာက အကြောင်းအရာတွေပါ အကျုံးဝင်နိုင်ပါတယ်။ ဒါဝင်သီအိုရီက ရည်ညွန်းတဲ့ ကမ္ဘာက အခုလက်ရှိ ကမ္ဘာကိုသာ ရည်ညွန်းပါတယ်။ ဒါကြောင့် ဘယ်ဟာကိုမှ မှားတယ်လို့ တွက်လို့မရနိုင်ဘူးလို့ ဖြည့်စွက် လိုက်ပါတယ်။

ဆရာတော် ဦးကောဝိဒ (မြိတ်) ရဲ့ Light of Dhamma မှ အမေးအဖြေပို့စ်တခုကို ကူးယူဖေါ်ပြထားပါတယ်။

ထပ်မံဖြည့်စွက်ဆွေးနွေးချက်

လူဖြစ်လာတာကို ဘုရားဟောထားတာနဲ့ ပတ်သက်ပြီးတော့ ကျွန်မသိပ်မသိပေမဲ့ သိပ္ပံနဲ့ပတ်သက်ပြီး ကျွန်မသိရသလောက် သက်ရှိသက်မဲ့ အရာအားလုံးအပေါ် ဘုရားဟောထားတဲ့ ကျွန်မသိထားတာနဲ့ သိပ္ပံတွေ့ရှိချက်က သိပ်မကွာပါဘူး။ ဘုရားက ရုပ်ဝတ္တုတွေကို ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောနဲ့ ဖွဲ့စည်းထားတယ်လို့ ဟောခဲ့တာ ရှိသလို သိပ္ပံကလည်း အရာဝတ္တုတွေဟာ Solid, Liquid, gas နဲ့ Energy တွေနဲ့ ပြုပြင်မွမ်းမံထားတာ တွေ့ရပါတယ်။ ကျွန်မ အထက်တန်းပြန်တက်တုန်းက Biology မှာ Diversity and Evolution ကို သင်တုန်းက အတန်းထဲက မူစလင်တအုပ်က အတင်းပဲ မဟုတ်ဘူး ဘုရားဖန်တီးထားတာ ဆိုပြီး ထငြင်းတာ တွေ့ဖူးတယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာမှာလည်း ဒီလိုပဲ ဘုရားဒီလို ဟောထားတာ မဟုတ်ဘူးဆိုပြီး ပြောကြတဲ့ သူတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မက ဒီကွဲပြားမှုအပေါ်မှာ ခုနက အပေါ်မှာ ဆရာတော်ပို့စ်မှာ ကျွန်မ ပေးထားတဲ့ မှတ်ချက်အတိုင်းပဲ မှတ်ယူပါတယ်။ ဗုဒ္ဓဘာသာအရ ကြည့်ရင် ဗြမ္မာဆိုတာလည်း ၃၁ ဘုံထဲကပဲဆိုတော့ လူအဖြစ်ကို ကံရဲ့အကျိုးအားကြောင့် ရောက်လာရာမှာ အပေါ်က ဘုန်းကြီးဖြေထားတဲ့ ပဋိသန္ဓေတည်တဲ့ နည်းတွေထဲက တနည်းနည်းနဲ့ ရောက်လာကြတယ်လို့ ယူဆတယ်။ အဲဒီလို ရောက်လာရာမှာ မျေက်နဲ့လူ မကွဲခင်အဆင့်မှာ သွားဝင်စားရင် အဲဒီသတ္တ၀ါပဲ သွားဖြစ်လိမ့်မယ်။ နောက်ပိုင်း Family အုပ်စုကနေ ကွဲထွက်လာပြီးမှ လူမှာဝင်စားရင် လူဖြစ်မယ်၊ မျေက်မှာဝင်စားရင် မျောက်ဖြစ်မယ်။ ကျွန်မ ဒီလိုပဲ နားလည်ပါတယ်။

အရင်တုန်းက Kingdom အဆင့် မတိုင်ခင်က သက်ရှိဆိုတာ စပေါ်စဉ်က သက်ရှိ တမျိုးပဲ စပေါ်ပြီး အဲဒီတမျိုးကနေ ဆင်းသက်လာတာ ဖြစ်နိုင်တယ်လို့ သိပ္ပံက ယူဆတယ်။ နောက်ပိုင်း အီဗော်လူးရှင်းရဲ့ ဆက်ကဲ ပြုပြင်ပြောင်းလဲမှုအရ Kingdom အဆင့်မှာ အပင်၊ တိရိစ္ဆာန်နဲ့ တိရိစ္တာန်မကျ အပင်လည်းမဟုတ် အသေးအမွှားသတ္တ၀ါများ (ဘက်တီးရီးယား၊ Parasite, Algae စသည့်) ဆိုပြီး သုံးမျိုးပေါ်လာတယ်။ လူဟာ ဒီသုံးမျိုးအနက် တိရိစ္ဆာန် အမျိုးအစားမှာ ပါဝင်ပါတယ်။ နောက် Phylum အဆင့်ရောက်တေ့ အဲဒီ သုံးအုပ်စုအောက်မှာ တဆင့်ပွားပြီး အမျိုးမျိုး ထပ်ပေါ်လာပြန်တယ်။ ပေါ်လာတဲ့ အုပ်စုတွေအောက်မှာ ဆက်ပွားရင်း ပွားရင်းနဲ့ Family အဆင့်မှာ ဦးနှောက်အရွယ်အစား ကွာတာတွေကလွဲရင် ခြေနှစ်ချောင်းအပေါ်မှာ မတ်တတ်ရပ်နိုင်တာချင်း ကိုယ်လက်အင်္ဂါ ပုံစံတူတဲ့ သတ္တ၀ါတွေအထဲမှာ လူရော မျောက်ဝံရော ပါပါတယ်။ Genus အဆင့်ရောက်တော့ ပိုမိုဆက်နွယ်မှု ရှိတာတွေ သန့်သန့်စီ ထပ်ဖြာထွက်ပြီး သတ္တ၀ါအချင်းချင်း သိပ်ပုံစံတူပေမဲ့ DNA sequence မတူလို့ မျိုးစပ်လို့ မရတဲ့ ပုံစံတူ အကောင်တွေ တအုပ်စု ဖြစ်လာတယ်။ Genus အဆင့် လူမှာတော့ ပုံစံတူ မတွေ့ပေမဲ့ တခြားတိရိစာဖြစ်တဲ့ ဥပမာ Rats (ကြွက်) နဲ့ Mice (လယ်ကြွက်) တွေဟာ ပုံစံလုံးဝတူတယ် ဒါပေမဲ့ သူတို့ဟာ DNA Sequence မတူလို့ သွေးနှောလို့မရ၊ မျိုးစပ်လို့ မရပါဘူး။ Species (မျိုးနွယ်စု) အဆင့်ရောက်တော့ ပုံစံချင်း၊ အရွယ်အစားချင်း တူတာလည်း ရှိမယ် မတူတာလည်း ရှိမယ်၊ မတူသည့်တိုင်အောင် အမျိုးအစားမတူတဲ့ Rat အချင်းချင်း၊ Mouse အချင်းချင်း၊ လူလူအချင်းချင်း (မွန်ဂိုးလီးယား၊ ကော့ကေးရှန်း၊ နီဂရိုး၊ အာလီယန်း) မျိုးစုမတူပေမဲ့ DNA sequence တူလို့ သွေးနှောပြီး မျိုးစပ်လို့ ရပါတယ်။ ဒါက သက်ရှိမျိုးဆက်တွေ လူသားအဆင့်ထိ ဖြစ်လာတဲ့ သိပ္ပံက တွေ့ရှိချက် အဆင့်ဆင့် ဖြစ်ပါတယ်။

လူသားမျိုးဆက်ကို ဆက်ကြည့်ရင် မြန်မာလူမျိုးတွေဟာ မွန်ဂိုးလီးယား အနွယ်ဝင်က ဆင်းသက်လာပါတယ်။ Divergent Evolution နဲ့ Convergent Evolution ကြောင့် ဆက်ပြီး ဖြာထွက်လာတာက မွန်ဂိုးလီးယား အနွယ်ဝင်တွေဟာ ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း ဘေးက တခြားအနွယ်ဝင်နဲ့ မျိုးစပ်ရင်လည်း စပ်မယ်။ ဥပမာ မြောက်ဘက်ရေက်သူတွေက ကော့ကေးရှန်းတွေနဲ့ စပ်ပြီး အာရှမကျ ဥရောပမကျ ရုရှားတောင်ပိုင်းက တချို့လူမျိုးပုံတွေ ဖြစ်လာမယ်။ တောင်ဘက် ရောက်လာသူတွက အန္ဒိယနဲ့ စပ်နိုင်တယ်။ ဗမာ၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ရခိုင် စတဲ့ မြန်မာတိုင်းရင်းသားတွနဲ့ ယိုးဒယား၊ အင်ဒိုနီးရှား၊ ကိုးရီးယား၊ ဂျပန် စတာတွေ အားလုံးက အသားဝါသူတွေ မဟုတ်ပေမဲ့ အားလုံးဟာ မွန်ဂိုးလီးယားအ နွယ်ဝင်တွေက ဆင်းသက်လာသူတွေ ဖြစ်ပါတယ်။ ဒါက မြန်မာတိုင်းရင်းသားတွ ဆက်ကဲဖြစ်ပေါ်လာတဲ့ Evolution ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ အသားဝါသူနဲ့ အသားညိုသူ ရောနေတာ မွန်ဂိုးလီးယားကို တခြားနွယ်ဝင်တွေနဲ့ မျိုးစပ်ထားလို့ ဖြစ်ပါတယ်။

0 comments: