Thursday, June 3, 2010

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်း အပြီးသတ်လူစာရင်းထုတ်ပြန်


ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်း အပြီးသတ်လူစာရင်းထုတ်ပြန်





ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အပြီးသတ် (၂၃)ဦးအား ရွေးချယ်လိုက်ရာ အာစင်နယ်မှ တောင်ပံတိုက်စစ်မှူး သီအိုဝဲလ်ကော့တ်အား ချန်လှပ်ထားလိုက်ကြောင်း သိရသည်။ အသက်(၂၁)နှစ်အရွယ် ၀ဲလ်ကော့တ်အား နည်းပြကြီး ဖေဘီယို ကာပယ်လိုက မရွေးချယ်ခဲ့သော်လည်း ဒဏ်ရာမှ နာလံထခါစ မန်ချက်စတာစီးတီး ကွင်းလယ်လူ ဂါရတ်ဘယ်ရီကို ခေါ်ယူသွားသည်။ ထို့အပြင် (၂)ရက်အနားပေးသည့် အချိန်တွင်ပင် တစ်ကိုယ်တည်း ကိုယ်ပိုင်အစီအစဉ်ဖြင့် လေ့ကျင့်ခန်းဆင်းခဲ့သူ ဂျိုးကိုးလ်မှာလည်း တောင်အာဖရိကသို့ လိုက်ပါခွင့် ရခဲ့သည်။ “မစ္စတာ ကာပယ်လိုရဲ့ ဆုံးဖြတ်ချက်အတွက် အရမ်းကို စိတ်ပျက်မိပါတယ်။ ကျွန်တော်ဟာ အင်္ဂလန်အသင်းဖော်တွေနဲ့အတူ ကမ္ဘာ့ဖလားကို လိုက်ပါခွင့်ရမယ်လို့ မျှော်လင့်ထားတာပါ။ ဘာပဲဖြစ်ဖြစ် နည်းပြရဲ့ အစီအစဉ်တိုင်းကို လေးလေးစားစား လက်ခံသွားပါ့မယ်”ဟု (၂၀၀၆)ခုနှစ်က ဂျာမနီတွင် ကျင်းပသော ကမ္ဘာ့ဖလား ပွဲစဉ်များအတွင်း နည်းပြဆဗန်ဂို အဲရစ်ဆင်၏ အံ့အားသင့်ဖွယ် ရွေးချယ်မှုကို ခံခဲ့ရသည့် ၀ဲလ်ကော့တ်ကဆိုသည်။ သို့သော်လည်း ထိုကမ္ဘာ့ဖလားတွင်လည်း ၀ဲလ်ကော့တ်မှာ တစ်ပွဲမှ ပါဝင်ခွင့် မရခဲ့ချေ။ ကာပယ်လိုသည် ၀ဲလ်ကော့တ်အစား ညာတောင်ပံ တိုက်စစ်အတွက် မန်ချက်စတာစီးတီးမှ ရှောင်ရိုက်ဖီးလစ်နှင့် တော့တင်ဟမ် ဟော့စပါးမှာ အာရွန်လင်နွန်တို့ကို ရွေးချယ်ခဲ့သည်။ ဘယ်ခြမ်းအတွက်မူ အက်စ်တန်ဗီလာမှ ဂျိမ်းစ်မီလ်နာနှင့် ဂျိုးကိုးလ်တို့ကို လျာထားသည်။ ကာပယ်လို၏ အပြီးသတ် လူစာရင်းတွင် မူလရွေးထားသည့် အယောက်(၃၀)မှ အခြားအပယ်ခံရသူများမှာ စပါးမှ မိုက်ကယ်ဒေါ်ဆန်၊ ၀က်စ်ဟမ်းယူနိုက်တက်မှ စကော့တ်ပါကား၊ ဆန်းဒါးလန်းမှ ဒါရင်းဘန့်တ်၊ အဲဗာတန်မှ လင်တန်ဘိန်းစ်နှင့် စီးတီး၏ အဒမ်ဂျွန်ဆန်တို့ ဖြစ်ကြသည်။ ကာပယ်လိုသည် အရံသင့် အစားထိုးမည့် ကစားသမားအဖြစ် စပါးမှ တွမ်ဟဲလ်ဒါစတုန်းကိုလည်း တောင်အာဖရိကသို့ ခေါ်ယူသွားမည်ဖြစ်သည်။ အင်္ဂလန်၏ အပြီးသတ် (၂၃)ဦးပါဝင်သော ကမ္ဘာ့ဖလား လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂိုး - ဂျိုးဟတ်၊ ဒေးဗစ်ဂျိမ်းစ်၊ ရောဘတ်ဂရင်း

နောက် - ဂျေမီကာရေဂါ၊ အက်ရှ်လေကိုးလ်၊ ရီယိုဖာဒီနန်၊ ဂလန်းဂျွန်ဆန်၊ လက်ဒ်လေကင်း၊ ဂျွန်တယ်ရီ၊ မက်သရူးအပ်ဆွန်၊ စတီဖန်ဝါးနော့ခ်

လယ် - ဂရက်သ်ဘယ်ရီ၊ မိုက်ကယ်ကာရစ်၊ ဂျိုးကိုးလ်၊ စတီဖင်ဂျရတ်၊ ဖရန့်ခ်လမ်းပတ်၊ အာရွန်လင်နွန်၊ ဂျိမ်းစ်မီလ်နာ၊ ရှောင်ရိုက်ဖီးလစ်

ရှေ့ - ပီတာခရော့ခ်ျ၊ ဂျာမိန်းဒီဖိုး၊ အီမီလီဟက်စကီး၊ ၀ိန်းရွန်နီ

0 comments: