Thursday, June 24, 2010

ရန်ကုန်တွင် တနေ့တည်း မီး (၃) ကြိမ်လောင်

ရန်ကုန်မြို့တွင် ဇွန် (၂၂) ရက် နံနက် (၁၁) နာရီခွဲခန့်မှ ညပိုင်း (၇) နာရီခွဲခန့်ကြား ယမန်နေ့ တရက်အတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ပြောသည်။

ရန်ကုန်မြို့ စမ်းချောင်း ၊ ဗဟန်းနှင့် အင်းစိန်မြို့နယ် (၃) ခုတို့တွင် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယမန်နေ့ နံနက် (၁၁) နာရီ (၃၀) မိနစ်ခန့်က စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းပေါ်တွင် ကိုအောင်ကျော်ဦး မောင်းနှင် လာသော ဘ/၁၁၄၈ ပါပလစ်ကာ အဖြူရောင်ကားမှာ ဘက်ထရီခေါင်း လူး(စ်) ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်ကားတစီးက သွားရောက် ငြိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကြောင့် ကားပိုင်ရှင်ကို စမ်းချောင်းမြို့ နယ်ရဲစခန်းက အရေးယူထားသည်။

ယင်းနေ့ နံနက် (၁၁) နာရီ မိနစ် (၄၀) ခန့်တွင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ပုလဲကွန်ဒို၊ တိုက်(ဘီ) ပိုင်ရှင် ဦးစိုင်းသန်းအောင်ပိုင် အခန်းအမှတ် (၇၀၇) တွင်လည်း တရုတ်မီးစက် မောင်းနှင်ထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ အခန်းတွင်ရှိနေသူ ကိုဇော်မင်းထွန်းအား မီးလောင်မှုကြောင့် အရေးယူထားကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲတဦးက ပြောသည်။

မျက်မြင်သူတဦးက “မီးစက်က တရုတ်လုပ်မီးစက်ဆိုတော့ ခံနိုင်အားမရှိဘူး။ အခု ဒီအခန်းမှာ ရုံးခန်းတခု ဖွင့်မလို့ဆိုပြီး လုပ်နေတာ မကြာသေးဘူး။ အလုပ်လုပ်သူတွေအတွက်တော့ မီးစက်က လိုကိုလိုတယ်လေ” ဟု ပြောသည်။

မီးလောင်မှုကြောင့် မီးစက်နှင့်အတူ အိမ်တံခါးအချို့ မီးထဲပါသွားကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်ကား (၆) စီးနှင့် ထောက်ကူပြုယာဉ် (၁) စီး သွားရောက် ငြိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနအရာရှိက ပြောသည်။

ယင်းနေ့ ည (၇) နာရီ ခွဲခန့်တွင် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ဦးခင်ဇော်ပိုင်သော (လှိုင်) အမည်ရှိ စားသောက်ဆိုင်တွင်လည်း မီးစက်ဆီဖြည့်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် အနီးရှိ ခုံအချို့ မီးလောင်ကျွမ်းသွားကြောင်း၊ ဆိုင်ဝန်ထမ်းကို အရေးယူထားကြောင်း အင်းစိန်မြို့နယ် တာဝန်ကျ ရဲအရာထမ်းတဦးက ပြောသည်။

မီးလောင်မှု ဖြစ်စဉ်နေရာသို့ မီးသတ်ကား (၄) စီး သွားခဲ့ရကြောင်း၊ တနေ့တည်း မီးလောင်မှု (၃) ကြိမ်ဖြစ်ပွားခဲ့သော်လည်း ဆုံးရှုံးမှုမများကြောင်း ရန်ကုန်တိုင်း မီးသတ်အရာရှိက ပြောသည်။

ဖြစ်ပွားမှုများတွင် မီးစက်အသုံးပြုမှု (၂) ခုပါဝင်ပြီး ရန်ကုန်တွင် မီးလာနေသည် ဆိုသော်လည်း ယခုအချိန်ထိ မီးစက်များကို အသုံးပြုနေရဆဲဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ (၆) ရက် တနေ့တည်းတွင်လည်း မြို့နယ် (၃) ခုတွင် မီးလောင်မှု (၃) ကြိမ် ဖြစ်ပွားခဲ့ရာ လူ (၁) ဦး သေဆုံးခဲ့သည်။

တက်လူ / ၂၃ ဇွန် ၂၀၁၀

0 comments: