Friday, June 4, 2010

အန္တရာယ်ရှိ အဆောက်အအုံ ၂၅ လုံးအနက် အဆောက်အအုံ အချို့ကို နှစ်နှစ်အတွင်း အပြီး တည်ဆောက်ပေးရမည်ဖြစ်

Share

Old Building

ပြိုကျနိုင်သည့် အန္တရာယ်ရှိ အဆောက်အအုံ ၂၅ လုံးအနက်မှ အဆောက်အအုံအချို့ကို နှစ်နှစ်အတွင်း အပြီးတည်ဆောက်ပေးရမည် ဖြစ်ကြောင်း အဆိုပါအဆောက်အအုံအချို့ကို ဆောက်လုပ်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီအချို့မှ သိရှိရသည်။

ရန်ကုန်တိုင်းရှိ အဆောက်အအုံ ၂၅ လုံးကို အချိန်မရွေးပြိုကျနိုင်သည့်အတွက် အများပြည်သူများ နေထိုင်ခြင်းမပြုကြရန် သက်ဆိုင်ရာမှ မတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။ထို့နောက် အန္တရာယ်ရှိအဆောက်အအုံများတွင် နေထိုင်သည့် ပြည်သူ များကို ရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ စာချုပ်ချုပ်ဆိုကာ စတင်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


"အန္တရာယ်ရှိ အဆောက်အအုံတွေကို ဆောက်လုပ်တော့မယ်ဆိုရင် နေထိုင်တဲ့သူတွေကို အရင်ရွှေ့ပြောင်းဖို့ ဆောင်ရွက်ရပါတယ်။ ပြီးရင် သက်ဆိုင်ရာကို ဆောက်လုပ်ခွင့်ရဖို့ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့်ပြုလုပ်ရပါတယ်။ ကျွန်တော်တို့ ဆောက်လုပ်ခွင့်ရရှိထားတဲ့ ပန်းဘဲတန်းမြို့နယ်က ပြိုကျသွားတဲ့ အဆောက်အအုံကိုတော့ ဖောင်ဒေးရှင်းစတူးတဲ့ အချိန်ကစပြီး နှစ်နှစ်အတွင်း အပြီးတည်ဆောက်ပေးဖို့ ပါဝင်ပါတယ်။ ကျန်တဲ့အဆောက်အဦတွေကိုတော့ ဆောက်လုပ်မှုပုံစံပေါ် မူတည်ပြီး တစ်နှစ်ခွဲကနေ နှစ်နှစ်ကြားကာလအတွင်း အပြီးတည်ဆောက်ပေးဖို့ ညွှန်ကြားထားပါတယ်"ဟု Naing Group ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုအချိန်၌ ပြန်လည်ဆောက်လုပ်ရန် သတ်မှတ်ပေးထားသည့် အန္တရာယ်ရှိအဆောက်အအုံ ၂၅ လုံး အနက်မှအချို့ကို စတင်ဆောက်လုပ်ရန် လုပ်ငန်းစတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအဆောက်အအုံများကို အန္တရာယ်ရှိအဆောက်အအုံများ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးအတည်ပြုပြီးမှ အန္တရာယ်အဆောက်အအုံများစာရင်း သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းအဆောက်အအုံများမှာ ပန်းဘဲတန်းမြို့နယ်တွင် ခုနစ်လုံး၊ လသာမြို့နယ်တွင် ခြောက်လုံး၊ ဗိုလ်တထောင်မြို့နယ်တွင် လေးလုံး၊ တာမွေမြို့နယ်တွင် ရှစ်လုံး အသီးသီးရှိကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း ဆောက်လုပ်လျက်ရှိသည့် စီမံကိန်းဝင်အဆောက်အအုံအချို့ကို ၂၀၀၉ ခုနှစ်အတွင်း အပြီးတည်ဆောက်ရမည်ဟု သက်ဆိုင်ရာမှ ညွှန်ကြားထားသော်လည်း အဆိုပါအ ဆောက်အအုံအများစုမှာ လုပ်ငန်းပြီးပြတ်ခြင်း မရှိသေးကြောင်း သိရှိရသည်။

Old Building


0 comments: